နေပြည်တော် ၅ မတ်
ကမ္ဘာ့ရေနေ့ ၂၀၁၉ အကြို ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ကျင်းပရာ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ရေမိခင်အဖွဲ့ နာယက ဒေါက်တာရွှေလွှမ်း တက်ရောက်သည်။
မွန်းလွဲပိုင်း၌ ကျင်းပသည့် လူမှုအသိုက်အဝန်းမှ ပါဝင်ဆောင်ရွက်မှု Multi stakeholder Forum ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုတွင် ရေမိခင်အဖွဲ့ နာယက ဒေါက်တာရွှေလွှမ်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ဘာသာရပ်ဆိုင်ရာ ပညာရှင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပါဝင်ဆွေးနွေးကြသည်။

ကမ္ဘာ့ရေနေ့ ၂၀၁၉ အကြို ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲကို နံနက်ပိုင်းမှစတင်ခဲ့ပြီး အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးက အဖွင့်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ရေနှင့်ဆက်နွယ်သည့် ဝန်ကြီးဌာန အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ရေနှင့် ဆက်နွယ်သက်ဆိုင်သူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ရေနှင့် စွမ်းအင်၊ စိုက်ပျိုးရေးနှင့် ရာသီဥတုပြောင်းလဲမှု၊ ရေကြောင်း သယ်ယူပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်စေမှု၊ ရေဆိုင်ရာစီမံခန့်ခွဲမှုနှင့် ရိုးသားဖြောင့်မတ်မှု၊ လူမှုအသိုက်အဝန်းမှ ပါဝင်ဆောင်ရွက်မှု Multi stakeholder Forum၊ ရေနှင့် ကျန်းမာရေး၊ မြစ်ဝကျွန်းပေါ်ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်မှု၊ မြစ်ဝှမ်းဒေသ စီးပွားရေးနှင့် မိုးရေခံ စုဆောင်းခြင်း၊ မြေအောက်ရေ စီမံခန့်ခွဲမှု စသည့် အကြောင်းအရာများကို ပညာရှင်များက ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများမှ မေးမြန်းအကြုံပြု ဆွေးနွေးကြသည်။
မြန်မာနိ်ုင်ငံတွင် ၂၀၁၄ ခုနှစ်မှ စတင်ကာ ကမ္ဘာ့ရေနေ့ အထိမ်းအမှတ် အခမ်းအနားကို အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီက ကြီးမှူး၍ ရေနှင့်သက်ဆိုင်သည့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေသည့် နိုင်ငံများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပအဖွဲ့ အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းများ၊ ရေနှင့် ဆက်နွယ်သက်ဆိုင်သူများ ပူးပေါင်းကျင်းပလျက်ရှိသည်။
ကမ္ဘာ့ရေနေ့ ၂၀၁၉ အထိမ်းအမှတ်အခမ်းအနားကို မတ် ၆ ရက်တွင် ဖွင့်ပွဲအခမ်းအနား၊ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများနှင့် ပြပွဲများကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)


