ရန်ကုန် ၃ မေ
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ဦးစီးကျင်းပသည့် ကမ္ဘာ့သတင်း လွပ်လပ်ခွင့်နေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သောသဝဏ်လွှာကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က ဖတ်ကြားသည်။
ယင်းနောက် ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံမှ ပေးပို့သော သဝဏ်လွှာကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းကြိုင် (ဟံသာဝတီ - ဦးအုန်းကြိုင်) က ဖတ်ကြားသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်ထံမှ ပေးပို့သော သဝဏ်လွှာကို တွံတေးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင် ကလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထံမှ ပေးပို့သောသဝဏ်လွှာကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ ကလည်းကောင်း ဖတ်ကြားကြသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပရသည့် ရည်ရွယ်ချက်မှာ သတင်းလွတ်လပ်ခွင့်၊ စာနယ်ဇင်းလွတ်လပ်ခွင့်ကို အလေးအနက်ပြုရန်၊ ကာကွယ်စောင့်ရှောက်ရန်၊ ထိန်းသိမ်းမြှင့်တင်ရန်ဖြစ်ပါကြောင်း၊ ထို့အတွက် ကမ္ဘာတစ်လွှားမှာ နှစ်စဉ်အထိမ်းအမှတ်အခမ်းအနားကို ကျင်းပပါကြောင်း၊ လှုပ်ရှားမှု များလည်း ဆောင်ရွက်သည်ကို တွေ့ရှိရပါကြောင်း။
စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် ပတ်သက်ပြီး စဉ်းစားလျှင် ဆက်စပ်စဉ်းစားစရာ အကြောင်းကိစ္စများစွာရှိပါကြောင်း၊ ဒီလို အကြောင်းအရာ၊ အချက်အလက်များစွာရှိသည်ကို အကြောင်းပြုပြီး တစ်နှစ်တစ်ကြိမ် ကျင်းပသည့်အခါမျိုးတွင် ဤအကြောင်းအရာ၊ အချက်အလက်များထဲမှ ပိုပြီးတော့ ထူးခြားသည့်အကြောင်းအရာ၊ ဒီအချိန် ကာလတွင် ပိုပြီးရှေ့တန်းရောက်လာနေသည့် သတင်းလွတ်လပ်ခွင့်ဆိုင်ရာ ပြဿနာမျိုးကို ခေါင်းစဉ်အနေဖြင့်၊ အဓိကအကြောင်းအရာအနေဖြင့် ရွေးချယ်ဆွေးနွေးလေ့ ရှိပါကြောင်း၊ ယခု၂၀၁၉ခုနှစ်အတွက် ရွေးချယ်ခဲ့သည့် ခေါင်းစဉ် သို့မဟုတ် ဆောင်ပုဒ်မှာ ဒီမိုကရေစီအတွက် သတင်းမီဒီယာများ (သို့မဟုတ်) ဒီမိုကရေစီအရေးကို အထောက်အကူပေးမည့် သတင်းမီဒီယာများဆိုပြီး အဓိပ္ပာယ်ကောက်၍ရပါကြောင်း။
တကယ်လည်း ဒီမိုကရေစီနှင့် သတင်းမီဒီယာများ၊ ဒီမိုကရေစီနိုင်ငံနှင့် လွတ်လပ်သော စာနယ်ဇင်းသမားများသည်အမြဲဒွန်တွဲတည်ရှိလျက်ရှိ်ပါကြောင်း၊ အားလုံး သိကြသည့်အတိုင်း ဒီမိုကရေစီသည် လွတ်လပ်မှု၊ တန်းတူညီမှုနှင့် တရားမျှတမှုကို ဦးထိပ်ပန်ဆင်ပါကြောင်း၊ ထိုနည်းတူစွာမီဒီယာသည်လည်း သတင်း လွတ်လပ်ခွင့်ဆိ်ုသည်ကို အစဉ်တစိုက်ဦးတည်ပြီးလှုပ်ရှားဆောင်ရွက် နေရခြင်းဖြစ် သော်လည်းတစ်ကယ်တော့ လွတ်လပ်မှုတစ်ခုတည်းကို တန်ဖိုးထားခြင်းမဟုတ်ဘဲ တန်းတူညီမှုနှင့် တရားမျှတမှုများကို မီဒီယာသည် အလေးထားပါကြောင်း၊ ဆိုလို သည်မှာ ဒီမိုကရေစီသမားနှင့် မီဒီယာသမားသည် လိုလားချက်နှင့် တန်ဖိုးထားချက်တို့မှာ တူညီပါကြောင်း၊ စာနယ်ဇင်းလွပ်လပ်ခွင့်နေ့ဆောင်ပုဒ်နှင့်ပတ်သက်ပြီး Media for democracy ဆိုတာသည် ယခုနှစ်ဆောင်ပုဒ်၏ ပထမပိုင်းဖြစ်ပြီး ဒုတိယပိုင်းမှာ Journalism and Elections in Times of Disinformation ဖြစ်ပါကြောင်း၊Disinformation ဆိုသည်မှာ မမှန်သတင်းဖြစ်ပါကြောင်း၊ ပိုပြီး တိကျ အောင်ပြောရလျှင် မမှန်သတင်းပေးခြင်း၊ မမှန်သတင်း ဖြန့်ချိခြင်းဖြစ်ပါကြောင်း။
ဘာကြောင့်လဲဆိုတော့ ဒီဖြန့်ချိသည့်သတင်းက မတော်တဆ မှားယွင်း၍ တိမ်းစောင်းခြင်းမဟုတ်ပါကြောင်း၊ တမင်တကာ သတင်းလက်ခံရရှိမည့်သူကို လိမ်ညာ လှည့်ဖြားချင်သည့်ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန်သည်ကို ဟုတ်မှန်သယောင် လုပ်ကြံ ဖန်တီးပြီးရေးခြင်း၊ သတင်းအဖြစ် ပေးပို့ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် သတင်းလိမ်၊ သတင်းတု၊ သတင်းမှားများကို ဆန့်ကျင်ခြင်း ဖြစ်ပါကြောင်း၊ ဒီကနေ့မှာ မမှန်သည့် သတင်းများ သတင်းတု၊ သတင်းလိမ်များသည် Fake news ဆိုသည့် နာမည်ဖြင့် အများက သိနေကြပြီဖြစ်ပါကြောင်း။
Fake news က ပြီးခဲ့သည့် ၃-၄-၅ နှစ်အတွင်းစပြီးပေါ်လာပါကြောင်း၊ ကမ္ဘာမှာ Fake news ဆိုပြီး ပြောသည့်အခါ မိမိတို့က လိုက်ပြီး ပြောလာကြပါကြောင်း၊ ရုတ်တရက် ကြည့်လျှင် Fake news ဆိုတာသည် ယနေ့ခေတ်ကာလတွင် ပေါ်ပေါက်သည့် အသစ်အဆန်းဆိုပြီး ထင်မြင်စရာရှိပါကြောင်း၊ သို့သော် တကယ်တော့ ကမ္ဘာအတွက်လည်း ယင်းမှာ အသစ်အဆန်းမဟုတ်သလို မိမိတို့အဖို့လည်း အသစ် အဆန်းမဟုတ်ပါကြောင်း၊ မိမိတို့တိုင်းပြည်တွင်လည်း ဒီလို သတင်းမျိုးကို အရင်တုန်းကတည်း ကပြောဆိုဝေဖန် ထောက်ပြတာ ရှိခဲ့ပါကြောင်း၊ မိမိတို့ မြန်မာတွင် ယခင်တုန်းက ပြောဆိုသည့် စကားလုံးသည် ကြာတော့ ရိုးသွားပြီး မသုံးကြတော့ ခြင်းဖြစ်ပါကြောင်း၊ တချိန်တုန်းက ယင်းကို လန်ကြုတ်သတင်း၊ လုပ်ကြံဖန်တီးသည့် သတင်းဟု ပြောကြပါကြောင်း၊ ယနေ့တွင် လန်ကြုတ်သတင်းသည် Fake news ဆိုပြီး ပြန်လည် ပေါ်ပေါက်လာခြင်းဖြစ်ပါကြောင်း၊ တစ်ချိန်တုန်းက ကမ္ဘာမှာရော မြန်မာမှာ ပါရှိသည့် လန်ကြုတ် သတင်းသည် Fake news အဖြစ် ပေါ်လာသည့်အခါ ယခင်နှင့် ဘာကွဲပြား ခြားနားသွားသလဲဆိုလျှင်ယခင်ကထက် အရေအတွက်များပြား လာပါကြောင်း၊ မမှန်သတင်းများသည် ယခင်ကထက် အရေအတွက်များများပြားပြား ပိုပေါ်ထွက်လာပါကြောင်း၊ မသမာသူများက မမှန်သတင်းကို စနစ်တကျ ထုတ်လုပ် ဖြန့်ချိလာခြင်းဖြစ်သည့်အတွက်ပိုပြီး အန္တရာယ် ကြီးမားလာခြင်းဖြစ်ပါကြောင်း။
သတင်းအမှားများ ပေါ်ပေါက်လာသည့်ကိစ္စသည် သတင်းအမှားခေတ်ဖြစ်ပြီး ဤကာလသည် မိမိတို့ မျက်စိရှေ့တွင်တဖြည်းဖြည်းတိုးပွားလာသည့် ခေတ်တစ်ခေတ် လိုဖြစ်လာနေပါကြောင်း၊ လွန်ခဲ့သည့် ၄-၅ နှစ်ကို ပြန်ပြီး စဉ်းစားကြည့်လျှင် Post Truth ဆိုသည့် စကားလုံးတစ်လုံး ပေါ်ပေါက်လာပါကြောင်း၊ Post Truth သည် ၂၀၁၆ ခုနှစ်၏ အထူးခြားဆုံး စကားလုံး တစ်ခုဖြစ်ခဲ့ပါကြောင်း၊ Post Truth သည် အမှန်ကိုလွန်သွားသည့်ကိစ္စဟု ဆိုပါကြောင်း၊ Post Truth က ဘာကို ဆိုလိုချင်သလဲဆိုလျှင် လူတစ်ယောက်က တစ်စုံတစ်ရာကို ပြောဆို ရေးသားသည့် အခါအကြောင်းအရာ အချက်အလက်က မှန်ချင်မှ မှန်မည်၊ သို့သော် နားထောင်ရသူ၊ ဖတ်ရသူက ယုံသွား၊ လက်ခံသွားပါကြောင်း၊ မမှန်တာကိုပြောသော်လည်း လူယုံသည် ဆိုသည့်ကိစ္စသည် အင်မတန်မှတန်ဖိုးရှိသည့်ကိစ္စ တစ်ခု၊ အတုယူစရာ တစ်ခုဟု ဖြစ်လာလျှင် လူ့အဖွဲ့အစည်းတွင် မုသာဝါဒများလွှမ်းမိုးလာလိမ့်မည် ဖြစ်ပါကြောင်း၊ တကယ်တမ်း လွှမ်းမိုးလာလျှင် မမှန်သတင်းများ ထွန်းကားသည့် ကာလဟု သုံးနှုန်း လာတာရှိပါကြောင်း။
အမှန်ကိုလွန်တယ်ဆိုပြီး PostTruthဆိုတာ စဉ်းစားကြည့်လျှင် နာမည်လှလှ လေး ပေးလိုက်ခြင်းဖြစ်ပြီး တကယ်ကတော့ အမှန်ကို လွန်သွားပြီးသည့်နောက်တွင် မှန်တာ မရှိတော့ပါကြောင်း၊ အမှန်တရားက သေဆုံးသွားသည့် သဘောဖြစ်ပါကြောင်း၊ Post Truthနောက်တွင် ပေါ်လာသည့်စကားလုံး၊ တွင်ကျယ်လာတာက Fake News ဟူ၍ ဖြစ်ပါကြောင်း၊ Fake News က လွန်ခဲ့သည့် ၃-၄ နှစ်အတွင်း ပိုပြီးတွင်ကျယ်လာပါကြောင်း၊ သူ့ရိုက်ခတ်မှုများကို ခံနေရပါကြောင်း။
ဒီ မမှန်သတင်းများ ပရမ်းပတာ ထွက်ပေါ်လာသည့်ကာလအတွင်းကျင်းပရမည့် ရွေးကောက်ပွဲသည် အဲဒီရွေးကောက်ပွဲနှင့် ပတ်သက်ပြီး သတင်းယူကြ၊ သတင်းဖြန့် ချိကြမည့် သတင်းသမားများ၊ သူတို့အတွက် ဘယ်လိုအခက်အခဲများ၊ စိန်ခေါ်မှု များ ရှိမလဲဆိုသည်ကို ခေါင်းစဉ် တင်ပေးထားခြင်းဖြစ်ပါကြောင်း။
သတင်းအမှားများ ထွန်းကားနေသည့်ကာလကို ဘယ်လိုဖြတ်သန်းကြမလဲ၊ ရွေးကောက်ပွဲဆိုသည်မှာ ဒီမိုကရေစီနှင့် ပတ်သက်လျှင် ဒီမိုကရေစီ၏ အသက်ဟု ပြော၍ရပါကြောင်း၊ ဒီမိုကရေစီစနစ် ပေါ်ထွန်းရန်၊ ဖြစ်ပေါ်ရန်၊ တည်တံ့ရန် လိုအပ်ချက်များတွင် ရွေးကောက်ပွဲသည် အင်မတန်မှ အရေးကြီးသည့်၊ အဓိကကျသည့် အခြင်းအရာတစ်ခုဖြစ်ပါကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများ ပုံမှန်ကျင်းပနိုင်မှုသည် ဒီမိုကရေစီခေတ်တွင် အင်မတန်မှ အရေးကြီးပါကြောင်း၊ ဒီရွေးကောက်ပွဲမှပြည်သူလူထုက သူတို့၏ ကိုယ်စားလှယ်များ ရွေးချယ်မည်၊ သူတို့၏ ကိုယ်စားလှယ်များက သူတို့ကိုယ်စား တိုင်းပြည်အတွက် တာဝန်များထမ်းဆောင်မည်၊ အချိန်ကာလအလျှောက် ပြည်သူလူထုက ရွေးချယ်သည့် ပုဂ္ဂိုလ်များကို ပြန်လည်စိစစ်သုံးသပ်မည်၊ ပြန်လည်အသစ် ရွေးချယ်သည့်အလုပ်ကို လုပ်မည်၊ အဲဒီလုပ်ငန်းစဉ် ပုံမှန်လည်ပတ်နေမှသာလျှင် ဒီမိုကရေစီစနစ် အဓွန့်ရှည် တည်တံ့နေမှာ၊ ခိုင်မာနေမှာ ဖြစ်ပါကြောင်း။
ဒီလိုအဓွန့်ရှည် တည်တံ့ခိုင်မာနေရန်အတွက် ပြည်သူလူထုသည် ပြည်သူ့ ကိုယ်စားလှယ်များ ရွေးကောက်တင်မြောက်သည့်အလုပ်ကို မှန်မှန်ကန်ကန်၊ ပြည့်ပြည့်ဝ၀၊ ပီပီပြင်ပြင် လုပ်ကိုင်ဆောင်ရွက်နိုင်ရန် လိုပါကြောင်း၊ ဒီ့အတွက် အများပြည်သူကို သတင်းအချက်အလက်များ ပေးချင်ပါကြောင်း၊ အများပြည်သူကို ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သတင်းများ၊ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်းများ၏ အချက်အလက်များ၊ သူတို့၏ နိုင်ငံရေးအယူအဆများ၊ ရပ်တည်ချက်များ၊ မူဝါဒလမ်းစဉ်များ၊ ၎င်းတို့ အနေဖြင့် မူဝါဒလမ်းစဉ်များကို ပိုမိုအကောင်အထည်ဖော်နိုင်မည်လား၊ မဖော်နိုင်ဘူးလားဆိုသည့် အချက်များ၊ ၎င်းတို့ဆောင်ရွက်ခဲ့သည့်လုပ်ငန်းရာဇဝင်၊ ၎င်းတို့၏ အရည်အချင်းများကို အများသိအောင်သတင်းမီဒီယာများက တင်ပြပေးနိုင်ရန် လိုပါကြောင်း။
အများပြည်သူက သတင်းမီဒီယာသမားများ၊ သတင်းမီဒီယာပေါင်းစုံကတင်ပြ သည့် အချက်အလက်များကိုရမည်၊ အဲဒီမှာ သတင်းမီဒီယာသမားများက သူတို့ကိုယ်တိုင် ယုံကြည်သည့်ရပ်တည်ချက်အရ သူတို့ ထောက်ခံသည့်၊ ကန့်ကွက် သည့် မူဝါဒများ၊ ပါတီများအဖွဲ့အစည်းများကို ဖော်ပြမည်ဖြစ်ပါကြောင်း၊ သို့သော် ဘယ်လိုပဲ မတူသည့် အယူအဆများကို ဖော်ပြသည်ဖြစ်စေ၊ သူတို့သည် အများပြည်သူကို မှန်ကန်သည့်သတင်းအချက်အလက်များ၊ ယုံကြည်ချက်များအတိုင်း လက်ခံသွားစေရန် ရည်ရွယ်ချက်ရှိမည်၊ အဲဒီသဘောရိုးအတိုင်း ဆောင်ရွက်နေသမျှ ကာလပတ်လုံး ဒါတွေသည် အင်မတန်မှကောင်းပါကြောင်း။
အများပြည်သူသည် သတင်းအချက်အလက်ပေါင်းစုံကို သိရမည်၊ နိုင်ငံအရေး အရာများနှင့် ပတ်သက်ပြီး အတွေးအမြင်အယူအဆမျိုးစုံကို သတင်းမီဒီယာများမှ သိရှိခွင့်ရမည်၊ ယင်းအထဲမှ ကိုယ်နှစ်သက်မှုကို ရွေးချယ်နိုင်မည်ဆိုပါက ယင်းသည် အင်မတန်မှ တရားမျှတမှုဖြစ်ပါကြောင်း၊ ယင်းသည် ဒီမိုကရေစီစနစ်အတွက် အင်မတန် မှ လိုလားအပ်သည့်အနေအထားဖြစ်ပါကြောင်း၊ ဒီမိုကရေစီစနစ် တည်တံ့နေရေး အတွက် သတင်းမီဒီယာသမားများက အများပြည်သူကို မှန်ကန်သော သတင်းအချက် အလက်များပေးနိုင်ရန် လိုပါကြောင်း။
ဒီနေ့မှာ ကမ္ဘာ့နိုင်ငံများသာမက မိမိတို့နိုင်ငံတွင်လည်း မမှန်ကန်သော သတင်းဖြန့်ချိနေမှုများ အင်မတန်မှ ပြန့်ပွားလာနေပါကြောင်း၊ ထို့ကြောင့် နိုင်ငံတကာ တိုင်းပြည်များတွင် ရွေးကောက်ပွဲများကျင်းပသည့်အခါ အများပြည်သူသည် Disinformation များကြောင့် အယူအဆလွဲမှားပြီး သူတို့ရွေးကောက်ပွဲမှာ မဲပေး ရွေးချယ်သည့်အခါ နားယောင်လှည့်ဖြားခံရပြီး လွဲချော်မှုများရှိခဲ့ပါကြောင်း၊ တစ်နည်း အားဖြင့် ရွေးကောက်ပွဲတွင် သူတို့၏ ဆန္ဒမဲများကိုလိမ်ညာလှည့်ဖြားပြီး ယူသွားမှုများ ခံရတာ ရှိပါကြောင်း၊ ထို့အပြင် ရွေးကောက်ပွဲကာလအတွင်း မတည်မငြိမ်ဖြစ်အောင် သွေးထိုးလှုံ့ဆော်သည့် သတင်းအမှားများဖြန့်ချိပြီး မငြိမ်မသက်ဖြစ်အောင် ဆောင်ရွက်မှုများလည်း ရှိပါကြောင်း။
မိမိတို့နိုင်ငံ၌ ၂၀၂၀ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် စီစဉ်နေသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ ယင်းကာလတွင် အလားတူ နိုင်ငံတကာမှာကြုံရသည့် ရွေးကောက်ပွဲကာလအတွင်း သတင်းအမှားများဖြင့် နှောက်ယှက်ဖျက်ဆီး မည့့််အန္တရာယ်ကို ကြုံရနိုင်သည်ဆိုသည်ကိုအားလုံး သိနိုင်ပါကြောင်း၊ သတင်းအမှား များသည် မည်သူကို နှောက်ယှက်ဖျက်ဆီးမလဲဆိုလျှင် ရွေးကောက်ပွဲဝင်လာမည့် နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲဝင်လာမည့် ကိုယ်စားလှယ် လောင်းများကို နှောက်ယှက်ဖျက်ဆီးလိမ့်မည်၊ ၎င်းတို့ကို မမှန်ကန်သော သတင်းများဖြင့် တိုက်ခိုက်လိမ့်မည်၊ အများပြည်သူအထင်အမြင်ပျက်ပြားအောင် ဆောင်ရွက်လိမ့်မည်၊ ထိုနည်းလမ်းများဖြင့် ဆောင်ရွက်သည့်အတွက်ကြောင့် ရွေးကောက်ပွဲသည် ပုံသဏ္ဍန်မမှန်ဘဲ တိမ်းစောင်း ချွတ်ချော်မှုများဖြစ်လာပြီးအများပြည်သူ မျှော်မှန်း ထားသည့် ရလဒ်၊ အများပြည်သူ မျှော်မှန်းထားသည့်၊ ထင်မြင်ထားသည့်အနေအထား တလွဲတချော်ဖြစ်လာပါကရွေးကောက်ပွဲစနစ်ကို အများပြည်သူက ယုံကြည်မှု လျော့နည်းလာနိုင်ပါကြောင်း၊ သတင်းအမှားများဖြင့် ပုံဖျက်တိုက်ခိုက်မှုကြောင့် နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများ အပါအဝင် နိုင်ငံရေးစနစ်၊ ရွေးကောက်ပွဲ စနစ် အပါအဝင် ကျင့်သုံးနေသည့် နိုင်ငံရေးစနစ်များပါ ထိခိုက်လျော့နည်းလာမည်ဆိုလျှင် ထိုအရာများအပေါ်တွင် အခြေခံပြီး တည်ဆောက်ထားသည့် ဒီမိုကရေစီစနစ်သည်လည်း ယိုင်နဲ့လာနိုင်ပါကြောင်း၊ တည်တံ့ရန်အတွက်လည်း အန္တရာယ်ဖြစ်လာနိုင်ပါကြောင်း။
တစ်ချိန်တည်းမှာ သတင်းအမှားများသည် ဒီမိုကရေစီစနစ်ကို၊ နိုင်ငံ၏ တည်ငြိမ်မှုကို ထိပါးစေရုံသာမက သတင်းမီဒီယာသမားကိုယ်တိုင်ကိုလည်း ထိပါးနိုင် ပါကြောင်း၊ သတင်းလောကထဲမှာ မမှန်ကန်သော သတင်းများ ပျံ့နှံ့နေမည်ဆိုလျှင် အများပြည်သူ ကြားလိုက်ရသည့် သတင်းမှန်သမျှမှာ အများစုက မဟုတ်မမှန် လုပ်ကြံသည့် သတင်းများဖြစ်သည်ဆိုလျှင် သတင်းမီဒီယာကို အများပြည်သူဘက်က အားကိုးယုံကြည်မှု လျော့နည်းလာနိုင်ပါကြောင်း၊ Times of Disinformationခေတ်မှာ ရွေးကောက်ပွဲများ၏ ဒီမိုကရေစီစနစ်သည် ထိခိုက်လာနိုင်သကဲ့သို့ Journalism နှင့် Journalist များသည်လည်း ထိခိုက်လာနိုင်သည်ကို ပြောချင်ပါကြောင်း။
ယင်းအတွက် ဘယ်လိုကာကွယ်တားဆီးကြမလဲဆိုသည့် အချက်နှင့် ပတ်သက်ပြီး မီဒီယာသမားများလောကတွင် သုံးသပ်ဆွေးနွေးမှုများရှိသည့်အတွက် ဘယ်လို တားဆီးကာကွယ်မလဲဆိုသည့် နည်းလမ်းများ ရှိပါကြောင်း၊ တချို့လည်း စတင် ဆောင်ရွက်နေသည်ကိုမြင်ရပါကြောင်း၊ ဆောင်ရွက်နိုင်သည့်နည်းလမ်းများမှာ စောစောကပြောသည့် Post Truthအမှန်ကို လွန်သွားပြီဆိုပြီး အမှန်ကိုမျက်ကွယ်ပြု သည့်အနေအထားမှတစ်ဆင့် သတင်းသမားများက သတင်းအမှားများကို ထုတ်ဝေဖြန့်ချိသည့် အနေအထားကိုရောက်သွားပါကြောင်း၊ ယင်းကို ကာကွယ်ရန် သတင်းသမားများသည် သတင်းအမှန်ဖြင့် ပြန်လည် ချေဖျက်ပြီး တားဆီးကာကွယ် ရမည်ဖြစ်ပါကြောင်း၊ သတင်းအမှန်များ၊ မိမိတို့ ရေးသားဖြန့်ဝေသည့်သတင်းများ အချက်အလက်မှန်ကန်ရန် ဂရုစိုက်ဆောင်ရွက်သင့်ပါကြောင်း၊ ဒါသည် အမှန်စင်စစ် တွင်သတင်းမီဒီယာသမား၏ မူလဘူတ အလုပ်ထဲမှာ ပါသော အဓိကအချက်ပင် ဖြစ်ပါကြောင်း၊ ပထမဆုံးကိုင်စွဲရသည့် အဓိကအချက်ဖြစ်ပါကြောင်း၊ သတင်းသမား သည် အချက်အလက်အမှန်ကို ပေးမည်ဆိုသည်မှာ သတင်းသမား၏ ပထမဆုံးကိုင်စွဲ ရသည့်ကျင့်ဝတ်ဖြစ်ပါကြောင်း၊ ဒီကျင့်ဝတ်ကို မြဲမြဲမြံမြံ ထိန်းသိမ်းခြင်းအားဖြင့် မိမိဖြန့်ချိမည့် သတင်းအမှန်များကို အများပြည်သူကသိရှိပြီး မည်သည့်သတင်းမီဒီယာ များကို အားကိုးယုံကြည်ရသည်ဟု ဖြစ်လာအောင် ပြန်လည်တည်ဆောက်သည့် အလုပ်ကို လုပ်သင့်သည်ဟု မြင်ပါကြောင်း။
ယင်းမှာ လုပ်ကြံဖန်တီးသည့် သတင်းအမှားများအား မည်သို့မှားသည်ကိုဖော် ထုတ်ပြီး အများသိအောင် ကြေညာပေးသည့်အလုပ်ဖြစ်ပါကြောင်း၊ သတင်းအမှားများ ပေါ်လာချိန်တွင် သတင်းအချက်အလက်မှန်ကန်မှုရှိအောင် စိစစ်သည့်အလုပ်ကို လုပ်သည့်စာနယ်ဇင်းအဖွဲ့အစည်းများ ပေါ်ပေါက်လာပါကြောင်း၊ သည်ကနေ့မှာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ယင်းအစီအစဉ်ကို စတင်ဆောင်ရွက်နေပြီဟု သိရှိရပါကြောင်း၊ မြန်မာနိုင်ငံတွင် သတင်းအမှားများကို ဖော်ထုတ်ပြီး သတင်းအမှန်ဖြင့် ပြန်လည်ချေဖျက်မှုကိုလုပ်ဆောင်မည့်အစုအဖွဲ့များ ရှိနေသည်ကိုလည်း ကြားသိရပါကြောင်း၊ ယင်းအသင်းအဖွဲ့များသည် သတင်းအမှား တိုက်ဖျက်ရေးနှင့် သတင်း အမှန်များကိုအများပြည်သူထံ ပြန့်ပွားအောင် ဆောင်ရွက်နိုင်မည်ဟု မြင်ပါကြောင်း။
နောက်တစ်ခုမှာယနေ့ကာလတွင်တချို့အဖွဲ့အစည်းများက စတင်ဆောင်ရွက် နေပြီဖြစ်သည့် Media and Information Literacy အများပြည်သူက သတင်းအမှား၊ သတင်းအတုအယောင်၊ သတင်းလိမ်ကို တွေ့လျှင် ဒါသည် သတင်းအမှား၊ သတင်းအလိမ်အညာများဖြစ်သည်ကို သိသာအောင် စိစစ်သုံးသပ် အကဲဖြတ် နိုင်သည့် အသိပညာ၊ အတွေ့အကြုံရရှိစေမည့် အသိပညာပေးသော အစီအစဉ်ဖြစ်ပါ ကြောင်း၊ Media Literacy ၊ Information Literacy ရအောင် ဆောင်ရွက်သည့် ကိစ္စဖြစ်ပါကြောင်း၊ ယင်းကိစ္စများကို သတင်းမီဒီယာသမားများက အဓိကဦးဆောင်ပြီး ဆောင်ရွက်မည်ဆိုပါကမမှန်ကန်သော သတင်းများဖြန့်ချိသည့်ကာလကို မှန်မှန်ကန်ကန် အန္တရာယ်ကင်းစွာ ဖြတ်ကျော်နိုင်မည်ဟု မြင်ပါကြောင်း၊ ဒါ့အပြင် ပူးပေါင်းဆောင်ရွက်နိုင်မှုမှာရွေးကောက်ပွဲများဖြစ်ပါကြောင်း။
ရွေးကောက်ပွဲများနှင့်ပတ်သက်ပြီး သတင်းအချက်အလက်အမှန်များကို အများ ပြည်သူထံ ပြန့်ပွားအောင်ဆိုလျှင် ရွေးကောက်ပွဲကိစ္စများတွင်တာဝန်ယူ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၊ ရွေးကောက်ပွဲတွင် ပါဝင်ဆင်နွှဲကြမည့်ပါတီများ၊ အဖွဲ့အစည်းများ၊ ရွေးကောက်ပွဲကို စောင့်ကြည့်ကြမည့် လူမှုအဖွဲ့အစည်းများ၊ ရွေးကောက်ပွဲများ အတွက် သမာသမတ်ကျအောင် လိုက်လံကြပ်မတ်ဆောင်ရွက်ကြမည့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများကလည်း သတင်းအချက်အလက်အမှန်များ အများပြည်သူကြားမှာ ပြန့်ပွားနိုင်အောင် ဆောင်ရွက်နိုင်မည်ဟု မြင်ပါကြောင်း၊ ယင်းအဖွဲ့အစည်းများနှင့် သတင်းမီဒီယာများက ပူးတွဲပြီး စနစ်တကျဆောင်ရွက်နိုင်ကြမည်ဆိုလျှင် အရေးကြီးသည့်၂၀၁၉ -၂၀၂၀ ခုနှစ်ကာလကို အောင်မြင်စွာ၊ မှန်ကန်စွာ၊ တရားမျှတစွာဖြတ်သန်းနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက အမှာစကား ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းကြိုင် (ဟံသာဝတီ - ဦးအုန်းကြိုင် )၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြတို့က အမှာစကားပြောကြားကြသည်။ ယင်းနောက် မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်ထံမှ ပေးပို့သော သဝဏ်လွှာကို အဖွဲ့ဝင် ဦးဟန်ညွန့် (ဦးဟန်ညွန့်-ဥပဒေ)က ဖတ်ကြားသည်။
ဆက်လက်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယိုဂူတာရက် (Mr Antonio Guterres)ထံမှ ပေးပို့သည့် ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့ ဗီဒီယိုဖိုင်အား ပြသပြီး ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(UNESCO) ညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာကိုယူနက်စကို မြန်မာရုံးဌာနေကိုယ်စားလှယ် မစ္စမင်ဂျောင်ကင် (Ms.Min Jeong Kim)က ဖတ်ကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့သည် တက်ရောက်လာ ကြသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်သည်။
မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ မြန်မာနိုင်ငံ စာရေး ဆရာအသင်း၊ မြန်မာဂျာနယ်လစ်ကွန်ရက်၊ မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂ၊ မြန်မာနိုင်ငံ စာရေးဆရာများသမဂ္ဂ၊ နိုင်ငံတကာ မြန်မာသတင်းအဖွဲ့၊ မြန်မာနိုင်ငံ ကာတွန်းဆရာ အသင်း၊ မြန်မာနိုင်ငံ ပုံနှိပ်နှင့် ထုတ်ဝေသူလုပ်ငန်းရှင်များအသင်း၊ မြန်မာအမျိုးသမီး သတင်းသမားများအဖွဲ့၊ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီ၊ မြန်မာ သတင်းပညာသိပ္ပံ၊ မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း၊ မြန်မာ မီဒီယာဖွံ့ဖြိုးရေးစင်တာတို့မှ ကမ္ဘာ့သတင်း လွတ်လပ်ခွင့် နေ့အတွက် ပေးပို့လာသော သဝဏ်လွှာများကို သက်ဆိုင်ရာ ကိုယ်စားလှယ်များက ဖတ်ကြားကြသည်။
ယနေ့ပြုလုပ်သည့် အခမ်းအနားတွင် ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့သည် ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့ကို ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံပေါင်း ၁၀ဝ နီးပါး၌ ကျင်းပလျက်ရှိပြီး အခမ်းအနား များတွင် ရွေးကောက်ပွဲများ၌ မီဒီယာသမားများ ကြုံတွေ့ရသည့် စိန်ခေါ်မှုများအပြင် ငြိမ်းချမ်းရေးနှင့် ပေါင်းစည်းရေးအတွက် သတင်းမီဒီယာများက ပူးပေါင်းပါဝင် ကူညီထောက်ပံ့မှုပြုနိုင်သည့် အလားအလာများကို အဓိကခေါင်းစဉ် အနေဖြင့် သတ်မှတ်ကျင်းပကြောင်း သိရသည်။
ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့ နိုင်ငံတကာညီလာခံကို အီသီယိုးပီးယားနိုင်ငံ အဒစ်အဘာဘာမြို့တွင် ကျင်းပကြောင်းသိရသည်။
ယခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ ၂၀၁၉ အခမ်းအနားဆောင်ပုဒ်မှာ လုပ်ကြံ သတင်းခေတ်အတွင်းမှ သတင်းအတတ်ပညာနှင့် ရွေးကောက်ပွဲများ ခေါင်းစဉ်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


