မြင်းမူ ၂၄ မတ်
ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့အခမ်းအနားကို စစ်ကိုင်းတိုင်းကိုယ်စားပြု မြို့နယ်အဖြစ် ယနေ့ နံနက် ၉ နာရီက စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ပြည်သူ့ဆေးရုံခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးစံသက်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံမှ ပေးပို့သော ၂၀၁၉ ခုနှစ် ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့သဝဏ်လွှာကို တိုင်းကျန်းမာရေးဦးစီးဌာန ဆရာဝန်ကြီး ဒေါက်တာ မြတ်ကျော်သူက ဖတ်ကြားသည်။ ဆက်လက်၍ တိုင်းကျန်းမာရေးဦးစီးမှူး ဒေါက်တာဝင်းလွင်က တီဘီရောဂါအကြောင်း သိကောင်းစရာများ၊ ဆေးကုသပေးနေမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသော ဧည့်သည်တော်များသည် ပညာပေးပြခန်းအတွင်း ပြသထားသော ဆေးနှင့်ဆေးပစ္စည်းများ၊ အသိပညာပေး စာအုပ်စာစောင်များအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
မြင်းမူမြို့နယ်အတွင်း Mobile တီဘီရှာဖွေကုသရေးအဖွဲ့သည် မတ် ၂၇ ရက်မှ ၃၁ ရက်အထိ ကျေးရွာနှင့်ရပ်ကွက် (၈)နေရာသို့ ကွင်းဆင်းစစ်ဆေး ကုသပေးခြင်းများကို အခမဲ့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)


