နေပြည်တော်  ၃  မတ် 

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် ကမ္ဘောဒီးယားနိုင်ငံ၊ ဆီယမ်ရိ(ပ်)မြို့၌ မတ် ၁ ရက်နှင့် ၂ ရက်တို့တွင် ကျင်းပသည့် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု (RCEP) ဆိုင်ရာ ဝန်ကြီးများ၏ (၇) ကြိမ်မြောက် ကြားဖြတ်ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

 

အဆိုပါအစည်းအဝေးဖွင့်ပွဲအခမ်းအနားကို မတ် ၂ ရက် နံနက်ပိုင်းက ဆီယမ်ရိ(ပ်) မြို့ရှိ Sokha Seam Reap Resort and Convention Center ၌ ကျင်းပခဲ့ရာ ကမ္ဘောဒီးယား နိုင်ငံ၊ ဝန်ကြီးချုပ် ဟွန်ဆန်က အဖွင့်အမှာစကား ပြောကြား ခဲ့သည်။ အဆိုပါအဖွင့်အမှာစကား၌ ဝန်ကြီးချုပ်က အာရှ၏စီးပွားရေးကို အသွင် ပြောင်းလဲရာတွင် RCEP ၏ အရေးပါမှုကို အလေးပေးပြောကြားခဲ့ပြီး RCEP သဘော တူစာချုပ်၏ နောက်ခံသမိုင်းကြောင်းကိုလည်း ပြန်လည်ပြောဆိုခဲ့သည့်အပြင် ပါဝင်သည့် အဖွဲ့ဝင်နိုင်ငံအားလုံး၏ မဆုတ်မနစ်သော ကြိုးပမ်းအားထုတ်မှုများ အတွက်လည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ 

 

ဝန်ကြီးချုပ်က ကမ္ဘောဒီးယားနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံဖြစ်သော နိုင်ငံစုံ ကုန်သွယ်ရေးစနစ်ကို မြှင့်တင်ရန်အတွက် နိုင်ငံစုံသဘောတူညီချက်များနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို လိုက်ပါဆောင်ရွက်ရန် အပြည့်အဝ ကတိပြုထားပြီးဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့ပြီး RCEP ကုန်သွယ်ရေးညှိနှိုင်းမှုများကို ယခုနှစ် နှစ်ကုန်ပိုင်းတွင် အပြီးသတ်နိုင်ရန် မျှော်လင့်ကြောင်းကိုလည်း ပြောကြားခဲ့သည်။ 

 

IMG_9

 

RCEP သည် အာဆီယံအဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံနှင့် ဆွေးနွေးဖက် ၆ နိုင်ငံဖြစ်သော သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် နယူးဇီလန်နိုင်ငံ တို့အကြား အကောင်အထည်ဖော်ဆောင်ရွက်မည့် လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ် တစ်ခု ဖြစ်ပြီး ကမ္ဘာ့လူဦးရေ၏ ၄၅ ရာခိုင်နှုန်းကို ကိုယ်စားပြုသကဲ့သို့ ကမ္ဘာ့ကုန်သွယ် မှု၏ ၄၀ ရာခိုင်နှုန်းနှင့် GDP ၏ သုံးပုံတစ်ပုံရှိမည်ဖြစ်၍ RCEP သည်ကမ္ဘာ့အကြီး ဆုံးကုန်သွယ်ရေး အုပ်စုကြီးများတွင် တစ်ခုအပါအဝင်ဖြစ်လာရန် မျှော်မှန်းထားသည်။ RCEP ညှိနှိုင်းဆွေးနွေးမှုများကို ၂၀၁၂ခုနှစ်တွင် စတင်ခဲ့သည်။ 

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာ၌ ဈေးကွက် ဖွင့်လှစ်ပေးရေးအပိုင်းနှင့် စာချုပ်ပါစာသားများ ညှိနှိုင်းမှုအပိုင်းတွင် ကောင်းမွန်သော တိုးတက်မှုများ ရရှိခဲ့မှုအတွက် RCEP ကုန်သွယ်ရေးညှိနှိုင်းမှု ကော်မတီကို ချီးကျူးခဲ့ပြီး ညှိနှိုင်းမှုနှစ်ခုလုံးကို ပိုမိုတိုးတက်ဖြစ်ထွန်းစေရန်နှင့် ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်း များကျန်ရှိ နေသေးကြောင်းကိုလည်း တစ်ပါတည်း ထောက်ပြပြောကြားခဲ့သည်။ ဆက်လက်၍ စီးပွားရေးအရ အကျိုးရှိစေမည့် ရလဒ်များရရှိစေရေး ဆောင်ရွက်ရာတွင် ထူးခြားပြီး ထိခိုက်လွယ်သော အထူးကိစ္စရပ်များကို ပြေလည်မှုရရှိအောင် ဆွေးနွေး ညှိနှိုင်းသွားကြရန်နှင့် ယခုနှစ်ကျန်ရှိသည့်အချိန်များတွင် ညှိနှိုင်းမှုများကို ပိုမိုအားထည့် ဆောင်ရွက်သွားရန် အတွက်လည်း RCEP အဖွဲ့ဝင်နိုင်ငံများအားလုံးကို တိုက်တွန်းခဲ့သည်။ 

 

အဆိုပါ အစည်းအဝေးကာလအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဂျပန် နိုင်ငံတို့သည် အာဆီယံ-ဂျပန် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူ စာချုပ်ကို ပြင်ဆင်သည့်ပထမ အခြေပြစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)

 

222