နေပြည်တော် ၂၇ ဧပြီ
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း၊ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးကျောက်တယ်ချန်နှင့် ဒေသဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တို့သည် ဧပြီ ၂၆ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် သံလွင်မြစ်ကူး(ကွမ်းလုံ) တံတားအသစ် တည်ဆောက်မည့်နေရာသို့ ရောက်ရှိပြီး တံတားပုံစံ၊ တံတားတည်ဆောက်မည့် အခြေအနေ၊ တံတားချဉ်းကပ်လမ်း Alignment လျာထားနေရာနှင့် တံတားတည်ဆောက်ရေးအတွက် ရွေးချယ်ခံရသော Yunan Broad Vision Engineering Co.,Ltd မှ Site Investigation နှင့် Soil Test ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သံလွင်မြစ်ကူး(ကွမ်းလုံ) ကြိုးတံတားအဟောင်း၏ ကြံ့ခိုင်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကွမ်းလုံမြို့၊ သံလွင်ဦးခန်းမတွင် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံစဉ် တံတားတည်ဆောက်မည့်နေရာ Alignment ချဉ်းကပ်လမ်း၊ Alignment နှင့် မလွတ်ကင်းသော မြေယာများနှင့် အိမ်နေရာများ သိမ်းဆည်းရေးနှင့် အမြန်စွန့်လွှတ်နိုင်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တရုတ် Consultant Co.,Ltd နှင့် တံတားပုံစံနှင့် ချဉ်းကပ်လမ်းပုံစံများအား ဆွေးနွေးအတည်ပြုခဲ့ကြသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်၊ လင်ချန်းမြို့မှ ဒုတိယမြို့တော်ဝန် လူကြည်ဟွာဦးဆောင်သော အဖွဲ့နှင့် ချင်းရွှေဟော်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် သံလွင်မြစ်ကူး(ကွမ်းလုံ)တံတား တည်ဆောက်မည့်ကိစ္စများနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် တံတားတည်ဆောက်မည့်နေရာ၊ တံတားချဉ်းကပ်လမ်း၊ ကွမ်းလုံမြို့ရှောင်လမ်း ဖောက်လုပ်မည့်နေရာများနှင့် မလွတ်ကင်းသည့် နေရာများ၊ သိမ်းဆည်းရေးနှင့် လျော်ကြေးကိစ္စများ စတင်တည်ဆောက်မည့် အခြေအနေ၊ နှစ်နိုင်ငံပူးတွဲညှိနှိုင်းရေး ကော်မတီများဖွဲ့စည်းရေး၊ နှစ်နိုင်ငံလမ်းပန်းဆက်သွယ်ရေးအတွက် လမ်းအဆင့်မြှင့်တင်ခြင်း ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးဦးဆောင်သောအဖွဲ့နှင့် လင်ချန်းဒုတိယမြို့တော်ဝန်တို့သည် ချင်းရွှေဟော်ဘက်ကမ်း နယ်စပ်ကုန်သွယ်ရေးစခန်း တည်ဆောက်မည့်နေရာနှင့် ချင်းရွှေဟော် မြို့ရှောင်လမ်းဖောက်လုပ်မည့် နေရာများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


