မုံရွာ နိုဝင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ကန့်ဘလူမြို့ရှိ အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)နှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည် ဆွေးနွေးပွဲသို့ တက်ရောက်နေသည့် ကန့်ဘလူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများကို အားပေးစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။
ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကန့်ဘလူမြို့နယ် တောက္ကရှပ်-မင်းကုန်း လမ်းကွန်ကရစ်လမ်းခင်းရန် အောက်ခံကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ မူးဘောင်လမ်းမှ ကံရိုးရွာအဝင်လမ်း ကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာအုပ်စု တောင်သူဦးဌေးသိန်း စိုက်ပျိုးထားသည့် မကွေး-(၁၆) မြေပဲစိုက်ခင်းနှင့် ကံရိုးကျေးရွာ တောင်သူ ၁၄ ဦး စုပေါင်းစိုက်ပျိုးထားရှိသည့် မကွေး-(၁၆) မြေပဲစိုက်ခင်းအတွင်းကျင်းပသည့် ဆီထွက်သီးနှံ(ဆောင်းမြေပဲ) ပန်းတိုင်အထွက်နှုန်းပြည့်မီရေး ယူရီးယား+လက်ချား (ဘိုရွန်)ပက်ဖျန်းခြင်း ကွင်းသရုပ်ပြနေမှုကို ကြည့်ရှုအားပေးပြီး ဆီထွက် သီးနှံများ တိုးချဲ့စိုက်ပျိုးရေး မှာကြားသည်။
ယင်းနောက် ကန့်ဘလူမြို့နယ် သာယာတဲစု ကျေးရွာရှိ ဦးသန်းလှိုင်၏ ငါးကန်အတွင်း ငါးတန်၊ ငါးမုတ်နှင့် ငါးမြစ်ချင်းကောင်ရေ ၇၅၀၀၀ မွေးမြူ ထားရှိမှုနှင့် တောက္ကရှပ်ကျေးရွာရှိ တစ်ရက်လျှင် ဆန်တင်း ၅၀၀ နှင့် မြေပဲတင်း ၆၀ ကြိတ်ခွဲနေသည့် “ကိုတိုး” ဆန်စက်နှင့် ဆီစက်၌ ကုန်ကြမ်းရရှိမှုနှင့် ကြိတ်ခွဲထုတ်လုပ်မှုလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


