ကျွန်းစု ၂၆ ဧပြီ
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင် မြို့နယ်ကလေးသူငယ်ဆိုင်ရာကော်မတီက ကလေးသူငယ်များနှင့် မိဘပြည်သူများ ကလေးသူငယ် အခွင့်အရေးဆိုင်ရာများနှင့် မဖြစ်ပွားသင့်သည့်ကိစ္စများ မဖြစ်ပွားစေရန်အတွက် ကြိုတင်ကာကွယ်နိုင်ရန် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဖြစ်ရပ် စီမံခန့်ခွဲမှုနှင့် အသက်ငယ်မုဒိမ်းကင်းစင်ပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာအုပ်စု၊ ပထက်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၊ ကျွန်းရွှေဝါဆောင် ကျောင်းဆောင်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကျွန်းစုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးမျိုးသန့်တင်က အဖွင့် အမှာစကား ပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမောင်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ပြစ်မှု၊ မှုခင်းကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြို့နယ်ကလေးသူငယ်ဆိုင်ရာကော်မတီ မြိတ်ခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယဦးစီးမှူး ဒေါ်သီသီအေးက ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဖြစ်ရပ်စီမံခန့်ခွဲမှုနှင့် အသက်ငယ်မုဒိမ်းကင်းစင်ပပျောက်ရေးဆိုင်ရာအကြောင်းအရာများ အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မအိုင်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးထွန်းလှက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး မြိတ်ခရိုင်လူမှုဝန်ထမ်းရုံးမှ ဟောပြောပွဲသို့ တက်ရောက်လာသောသူများအား ကလေးသူငယ် အခွင့်အရေးများဆိုင်ရာများနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း၊ အခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)


