ဘိုကလေး ၆ မတ်
ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မလော့ကျေးရွာအုပ်စု၊ ပေချောင်းကြီးကျေးရွာ ကံ့ကော်တစ်ထောင်ဗုဒ္ဓပူဇနိယပွဲတော်နှင့် နှစ်တစ်ရာပြည့် သာသနာ့ဗိမာန်တော်ကြီး မုခ်ဦးပြာသာဒ် ဖွင့်ပွဲ အခမ်းအနားကို ယနေနံနက် (၈) နာရီအချိန်က အဆိုပါသာသနာ့ဗိမာန်တော်ကြီး ရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အနောက်တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ရဲဝင်းဦး၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့် ဘိုကလေးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အလှူရှင်ဦးမောင်ကိုမိသားစုတို့မှ သာသနာ့ဗိမာန်တော်ကြီး အဝင်မုခ်ဦးပြာသာဒ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ တိုင်းမှူးဗိုလ်ချုပ်ရဲဝင်းဦးမှ မုခ်ဦးဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် နှစ်တစ်ရာပြည့် သာသနာ့ဗိမာန်တော်ကြီးအတွင်းတွင် ကံ့ကော်တစ်ထောင် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ဖွင့်ပွဲ၊ နိုင်ငံတော်မှ (အဘိဓဇမဟာရဌဂုရု)ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းခံရသော နိုင်ငံတော် သြဝါဒစရိယ ဘဒ္ဒန္တဓမ္မာနန္ဒဆရာတော်ဘုရားကြီး၏ (ဂုဏဝိသိဌ) ပူဇော်ပွဲ မင်္ဂလာနှင့် နှစ်တစ်ရာ သာသနာ့ဗိမာန် အဝင်မုခ်ဦး ရေစက်ချအခမ်းအနားကို ဆက်လက်ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများက နမောတသ (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ကာ နိုင်ငံတော်သြဝါဒစရိယ အဘိဓဇမဟာရဌဂုရုဘဒ္ဒန္တဓမ္မာနန္ဒ စစ်ကိုင်းဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြကာ နိုင်ငံတော်သံဃနာယက အကျိုးတော်ဆောင် ဆရာတော်ဦးအဂ္ဂဓမ္မထံမှ ရေစက်ချတရားတော်နာယူကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက ဝမ်းသာပီတိစကား လျှောက်ထားပြီးနောက် ဗုဒ္ဒသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ ကံကော်တစ်ထောင် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို မတ်လ ၆ ရက်မှ ၂၀ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဘိုကလေး (ပြန်/ဆက်)


