ကြံခင်း နိုဝင်ဘာ ၁၂

 

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့၌ ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရွာသစ်ရပ်ကွက် တောင်သူ ဦးအောင်သူ၏ ကိုင်းမြေ (မြေနုကျွန်း)တွင် နေကြာမျိုးစေ့များ ပေးအပ်ခြင်းနှင့် စုပေါင်းစိုက်ပျိုးပွဲကို ကျင်းပသည်။

 

ကြည့်ရှုအားပေး

ဦးစွာ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်တို့က ရွာသစ်ရပ်ကွက်ရှိ နေကြာစိုက်တောင်သူများအား နေကြာမျိုးစေ့များ ပေးအပ်ပြီး တောင်သူ ဦးအောင်သူ၏ မြေနုကျွန်းကိုင်းမြေ တစ်ဧကတွင် Supersun 41 နေကြာမျိုးစေ့များကို စိုက်ပျိုးပေးကြကာ တောင်သူများ နေကြာစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးသည်။

 

ကြံခင်း မြို့နယ်အတွင်း ဆောင်းသီးနှံ (ဆီထွက်သီးနှံ) ၈၀၉၁ ဧကတွင် နေကြာ Supersun 41 နှင့် ဆင်းရွှေကြာနှစ်မျိုး လျာထားစိုက်ပျိုးသွားမည့်အပြင် မြေပဲ ၁၄၈၈၇ ဧက စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)