ကျွန်းလှ ၆ မတ်
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကြီးမှူး၍ အမျိုးသမီးများ အလုပ်အကိုင် အခွင့်လမ်းရရှိမည့် ပလပ်စတစ် ခြင်းရက်သင်တန်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးအစည်းအဝးခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဒုတိယညွှန်ကြားရေးမှူး ဦးကျော်မြင့် လွင်ဦးနှင့် မြို့နယ်ဦးစီးမှူး ဦးကျော်လှိုင်ဝင်းတို့က အမှာစကား ပြောကြားခဲ့ကြသည်။ ထို့နောက် ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နွယ်နွယ်ထွန်းက မိသားစုဝင် ငွေတိုးပြီး တပိုင်တနိုင် စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်၊ အမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးရန် ရည်ရွယ်၍ သင်တန်းဖွင့်ခြင်းဖြစ်ကြောင်း၊ လိုအပ်သော ကုန်ကြမ်းပစ္စည်းများဝယ်ယူရန်နှင့် ထွက်ရှိသော ကုန်ချောပစ္စည်းများ ဖြန့်ဖြူးရောင်းချရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းသို့ ကျေးရွာ(၁၀)ရွာမှ သင်တန်းသူ(၁၅)ဦးတက်ရောက်ကြပြီး (၁၅)ရက် အတွင်း စာတွေ့၊ လက်တွေ့သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ


