ဘန်း (ဆွစ်ဇာလန်) ၂၃ စက်တင်ဘာ

ဆွစ်ဇာလန်နိုင်ငံ တစ်ဝန်းတွင်5G ကြိုးမဲ့ဆက်သွယ်ရေး ကွန်ရက်များထွက်ပေါ်လာခြင်းကြောင့် ပြည်သူများ၏ ကျန်းမာရေး ချို့ယွင်းမှုဖြစ်ပေါ်စေနိုင်၍ စက်တင်ဘာ ၂၂ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ မြို့တော်ဘန်းတွင် လူထောင်ပေါင်းများစွာတို့က ယင်းစနစ်တပ်ဆင်မှုကို ဆန့်ကျင်ဆန္ဒပြ ခဲ့သည်။

ဆန္ဒပြသမား ထောင်ပေါင်းများစွာတို့သည် ဆွစ်ဇာလန်ပါလီမန် အဆောက်အအုံရှေ့တွင် စုဝေးခဲ့ကြသည်။ ဆန္ဒပြသမားအများအပြားမှာ လက်ကိုင်ပိုစတာများကို ကိုင်ဆောင်ထားကြသည်။ ယင်းသို့ ဆန္ဒပြကြခြင်းသည် 5G ကြိုးမဲ့ဆက်သွယ်ရေး ကွန်ရက်စနစ်အတွက် ဧရိယာ တိုင်များ ပိုမိုတည်ဆောက်နေခြင်းကို ရပ်ဆိုင်းသွားစေရေးအတွက် လုပ်ဆောင်ကြခြင်း ဖြစ်သည်။

5G ကြိုးမဲ့ဆက်သွယ်ရေးစနစ် စတင်မိတ်ဆက်ခြင်းများကို ထိန်းချုပ်နိုင်ခြင်း မရှိခြင်းကြောင့် ယနေ့တွင် လူထောင်ပေါင်းများစွာတို့ စုဝေးရောက်ရှိကာ ယင်းဖြစ်ရပ်ကို ဆန့်ကျင်ကြောင်း အခိုင်အမာ ပြလာခြင်းဖြစ်ကြောင်း ဆန္ဒပြမှုများကို ဦးဆောင်လှုံ့ဆော်သည့် ဖရီကွင်စီယာ အဖွဲ့မှ တွဲဖက်ဥက္ကဋ္ဌက ပြောကြားသည်။

မင်းသားတစ်ပါးအုပ်ချုပ်သည့် မိုနာကို နိုင်ငံငယ်လေးသည် ဥရောပတိုက်တွင် ပထမဆုံးသော 5G လက်ကိုင်ဖုန်း ကွန်ရက်ကို စတင်အသုံးပြုသည့် နိုင်ငံဖြစ်လာခဲ့သည်။ ယင်းနိုင်ငံငယ်လေးသည် ယခုနှစ် ဇွန်လအတွင်းကပင်တရုတ်နိုင်ငံမှ ဆက်သွယ်ရေးလုပ်ငန်းကုမ္ပဏီ ဟွာဝေး၏ 5G စနစ် ဆက်သွယ်ရေးနည်းပညာကို အခြေခံကာ ယင်းစနစ်ကို အသုံးပြုခဲ့သည်။ တရုတ်နိုင်ငံ၏ ဟွာဝေး ဆက်သွယ်ရေးကုမ္ပဏီအား အမေရိကန်ပြည်ထောင်စုက အဓိကကျသော လုံခြုံမှုဆိုင်ရာ စိန်ခေါ်မှုအဖြစ် ရှုမြင်ထားသည်။

ယခင်က ထွက်ပေါ်ခဲ့သည့် ဆက်သွယ်ရေးနည်းပညာများနှင့် နှိုင်းယှဉ်ပါက ယခု 5G ကြိုးမဲ့ဆက်သွယ်ရေး နည်းပညာသစ်သည် လျှပ်စစ်သံလိုက် လှိုင်းဖြာထွက်မှုများ ဖြစ်ပေါ်စေပြီး ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာတို့တွင် မကြုံစဖူးသော အန္တရာယ်များ ကြုံတွေ့နိုင်သောကြောင့် ဆွစ်ဇာလန်နိုင်ငံတွင်းမှ ဝေဖန်သူများက ယင်းစနစ်ကို ငြင်းဆိုကြခြင်းဖြစ်သည်။

ဆွစ်ဇာလန်နိုင်ငံ ဆရာဝန်များအဖွဲ့ချုပ် (အက်ဖ်အမ်အိတ်ချ်) ကလည်း 5G ကြိုးမဲ့ ဆက်သွယ်ရေး နည်းပညာသစ်ကို သတိရှိစွာ ချဉ်းကပ်ပြီး ငြင်းဆန်ခဲ့သည်။

ကိုးကား-အေအက်ဖ်ပီ

ဘာသာပြန်-ဇော်ဝင်း