မုံရွာ ၄ မတ်
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ကံပြားကျေးရွာအုပ်စုအတွင်းရှိ မိရိုးဖလာလုပ်ငန်းအဖြစ် လုပ်ကိုင်လာသော သားရေဖိနပ်လုပ်ငန်းကို ယခုအခါတွင် လုပ်ကိုင်သူ နည်းပါးလာကြောင်း သားရေဖိနပ်လုပ်ငန်းရှင်များ၏ ပြောကြားချက်များအရ သိရသည်။
''မနှစ်ကဒီအချိန်မှာ ဖိနပ်က ရောင်းကောင်းတယ်၊ ဒီနှစ်မှာတော့ ရောင်းလို့မကောင်းတော့ဘူး၊ ရောင်းအား ထက်ဝက်လောက်ကျနေတယ်၊ ကုန်ကြမ်းဈေးကတော့ အတက်အကျမရှိဘူး၊ လုပ်အားခကတော့ ဈေးတက်ပေးရတယ်၊ ဖိနပ်ဈေးနှုန်းကတော့ အတက်အကျမရှိဘူး၊ ဒီမှာတော့ လုပ်သားတွေ ရှားလာတယ်၊ (အိန္ဒိယနိုင်ငံ) အိုက်ဇောမှာက ဒီမှာထက် ဝင်ငွေကောင်းတဲ့အတွက် အဲဒီကိုသွားပြီးတော့ လုပ်တဲ့သူတွေ အများကြီးပဲ၊ အလွယ်တကူ ဝင်ငွေရတဲ့ နေရာတွေမှာသွားပြီး လုပ်ကြတော့ ဒီမှာ လုပ်သားတွေ ရှားလာတာပါ၊ လုပ်ငန်းကောင်းတဲ့ အချိန်ကဆိုရင် နွေရာသီဆို ဖိနပ်လုပ်ငန်းလုပ်တဲ့သူတွေ အများကြီးပဲ၊ ဖိနပ်လုပ်ငန်းမကောင်းတာ (၂ဝ၁၆) ခုနှစ်လောက်ကတည်းကလို့ ပြောရမယ်'' ဟု ကံပြားကျေးရွာအုပ်စု ရွာတော်ကျေးရွာမှ ''စိန်နာရီ''ဖိနပ် လုပ်ငန်းလုပ်ကိုင်သူ ဦးမျိုးက ပြောသည်။
ကံပြားကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် သားရေဖိနပ်လုပ်ငန်းကို ယခင်က လုပ်ငန်းရှင် (၅ဝ)ဦးတို့ လုပ်ကိုင်ခဲ့သော်လည်း ပြည်ပမှ တန်ဖိုးနည်းဖိနပ်များ ဝင်ရောက်လာမှုကြောင့် ပြည်တွင်းဖိနပ်များ ရောင်းအားကျဆင်းလာသဖြင့် ယခုအခါတွင် သားရေဖိနပ်လုပ်ငန်းကို ဆက်လက်လုပ်ကိုင်သူ (၁ဝ)ဦးခန့်သာ ရှိတော့ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


