နေပြည်တော် ဇူလိုင် ၁၂
KNPP ၊ KNDF အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် စိစစ်ဆဲ နိုင်ငံခြားသား အချို့၏ လူသားချင်းစာနာထောက်ထားမှု ခေါင်းစဉ်အောက်မှ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲစေရန် စစ်ရေးဆိုင်ရာအကြံပေးမှုနှင့် ဆေးကုသရေးအဖွဲ့အချို့ ကိုယ်တိုင်ပါဝင်ပြီး မိုးဗြဲမြို့နယ် အတွင်း အစိုးရ၏အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်၊ ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အတွက် ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော် ဆက်သွယ်ရေးလမ်းကြောင်းပေါ်ရှိ အချက်အချာလမ်းဆုံ တစ်ခုဖြစ်သည့် မိုးဗြဲမြို့တစ်မြို့လုံးအား ထိန်းချုပ်ခဲ့မှုအပေါ် တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး (Counter – Terrorism Operation) ကို အဆင့်ဆင့်ခြေကုပ်ယူ၍ ချေမှုန်းဆောင်ရွက်ခဲ့ကာ မိုးဗြဲမြို့အား ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၆ ရက်တွင် ပြန်လည်ထိန်းချုပ် သိမ်းပိုက်နိုင်ခဲ့သည့် သတင်းအားထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် မိုးဗြဲမြို့အား သိမ်းပိုက်ရရှိပြီးသည့်နောက် မိုးဗြဲမြို့နှင့် လွိုင်ကော်မြို့အကြား ကျန်ရှိနေသည့် ၄ ဒသမ ၅ ကီလိုမီတာရှိ ဆက်သွယ်ရေးလမ်းပိုင်းအပါအဝင် ယင်းကားလမ်းအား မြေအနေအထားအရ စိုးမိုးထားသည့် ဝါရီကောခူနှင့် ဆောင်ကန်း (ကယား) ကျေးရွာနှစ်ရွာတို့အား ဇူလိုင် ၇ ရက်မှစတင်၍ တပ်မတော်စစ်ကြောင်းများက နှစ်ဖက်ညှပ်လျက် အကြမ်းဖက်နှိမ်နင်းရေးစစ်ဆင်မှုကို ဆက်လက်ပြုလုပ်ရာ တိုက်ပွဲကြီးလေးကြိမ်ဖြစ်ပွားခဲ့ပြီး အဆိုပါကျန်ရှိသည့် လမ်းပိုင်း ၄ ဒသမ ၅ ကီလိုမီတာအား ဇူလိုင် ၁၁ ရက် မွန်းလွဲပိုင်းတွင် အပြီးတိုင်ရှင်းလင်းနိုင်ခဲ့သည်။
ဇူလိုင် ၇ ရက်မှ ၁၁ ရက် အတွင်း ထိတွေ့မှုဖြစ်စဉ်တွင် လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းသူ သုံးဦးသေဆုံးခဲ့ပြီး ရန်သူ့ထံမှ လက်နက်ငယ်မျိုးစုံ ၁၅ လက်နှင့် ဆက်သွယ်ရေးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ၍ မိမိအရာရှိ၊ စစ်သည်အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှု အနည်းငယ်ရှိခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ ပင်လောင်း-ဖယ်ခုံ - မိုးဗြဲ - လွိုင်ကော် ဆက်သွယ်ရေးလမ်းမကြီးအား ပြန်လည် ဖွင့်လှစ်နိုင်ခဲ့သဖြင့် လွိုင်ကော်မြို့မှ ပြည်သူများအနေဖြင့် ဟိုပုံး၊ တောင်ကြီးမြို့နှင့် အောင်ပန်း၊ ကလောမြို့များမှတစ်ဆင့် နေရာဒေသအနှံ့သို့ နှစ်သက်ရာ၊ သင့်ရာဆက်သွယ်ရေး လမ်းကြောင်းများမှ တစ်ဆင့် သွားလာနိုင်ကြပြီဖြစ်ကာ လွိုင်ကော်မြို့သို့ ကုန်စည်စီးဝင်၊ စီးထွက်မှုများမှာလည်း ပိုမို လွယ်ကူ လျင်မြန်ခြင်းမှတစ်ဆင့် လွိုင်ကော်မြို့နှင့် လက်ရှိပဋိပက္ခဘေးဒဏ်သင့် မြို့ရွာများရှိ ဒေသခံ ပြည်သူလူထုများ၏ အခြေခံ စားကုန်၊ လူသုံးကုန်ပစ္စည်းများ ခက်ခဲ၊ ရှားပါးမှု၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုတို့မှလည်း အထိုက်အလျောက် သက်သာစေမည်ဖြစ်သည့်အတွက် ဒေသခံ ပြည်သူများ၏ ဝမ်းသာပီတိ ဖြစ်ရမှုတို့ကိုလည်း ယခုလို ကြားသိရပါသည်-
၁။ အမျိုးသမီး
ကားလမ်းတွေပိတ်သွားတော့ အခက်အခဲက တော်တော်ကြုံရပါတယ်။ ကားလေးတွေလည်း လာလို့ မရတော့ဘူး။ ကုန်သွယ်စီးဆင်းမှုလည်း ရပ်သွားတဲ့အခါကျတော့ စားဝတ်နေရေးတွေ၊ ကုန်ဈေး နှုန်းတွေလည်း ကြီးသွားပါတယ်။ ဘာပစ္စည်းမှ ဝယ်စားလို့မရဘူး။ ရှိတဲ့ဟာတွေလည်း အလုအယက် ဝယ်စားရပါတယ်။ ကျန်းမာရေးဆိုလည်း လမ်းတွေပိတ်ထားတော့ ချက်ချင်းသွားလို့ လာလို့မရဘူး။ အခက်အခဲတွေအများကြီး ကြုံရတာပေါ့။ အရင်လို ဆေးရုံအမြန်ရောက်ရမယ့် လူနာတွေဆိုလည်း မရောက်ဘူးပေါ့။ အဓိကက ကလေးသူငယ်တွေ ကျောင်းတွေပိတ်ထားတဲ့အခါ ကျောင်းမတက်လိုက် ရဘူး။ ပညာဆက်လက်သင်ကြားခွင့် မရတော့ဘူး။ ခုကားလမ်းတွေ ပြန်ဖွင့်သွားပြီ ဆိုတော့ ရှေ့လျှောက်ဆိုရင် ကားတွေလာလို့ရပြီ။ ဒေသခံတွေ အကုန်လုံးက တောင်သူ လယ်သမားတွေဆိုတော့ ဒီမှာစိုက်ပျိုးထားတဲ့ သီးနှံတွေကိုလည်း ဈေးထဲမှာ ရောင်းလို့ရတယ်။ လာဝယ်တဲ့ သူကလည်း ဒီအထိလာဝယ်လို့ရတာပေါ့။ တကယ်လို့ ကိုယ်ပို့ချင်တဲ့ ပစ္စည်းတွေ ဆိုရင်လည်း အောင်ပန်းအထိ သွားပို့လို့ရတာပေါ့။ အဲဒါဆိုရင် ဈေးနှုန်းတွေလည်း ခါတိုင်းထက် ပိုပြီး ကောင်းကောင်းမွန်မွန်ရတယ်။ ချိုချိုသာသာလည်း ဝယ်စားနိုင်တယ်။ ဘာပဲဖြစ်ဖြစ် လိုချင်တာတွေလည်း အကုန်ရမယ်ပေါ့။ အဓိကပြောချင်တာက ကျန်းမာရေးဖြစ်ပါတယ်။ နေမကောင်းတဲ့ သူဆိုရင်လည်း ဆေးရုံအမြန်ဆုံး သွားရမယ်ဆိုရင် အချိန်မီ ပို့လို့ရတာပေါ့။ ပညာရေး ဆိုလည်း ကျောင်းပြန်ဖွင့်မယ်ဆိုရင် ကလေးတွေလည်း ပြန်ပြီးတော့ ကျောင်းတွေနေလို့ ရတာပေါ့။ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးကအစ အဘက်ဘက်က အကုန်လုံး အဆင်ပြေ သွားတာပေါ့။ အခုလို လမ်းပွင့်သွားတဲ့အတွက် အတိုင်းမသိဝမ်းသာပါတယ်။ ဘာလို့လဲဆိုရင် ဒေသခံပြည်သူတွေ အကုန်လုံး၊ အားလုံးက ကိုယ့်ရဲ့ဒေသမှာ စည်စည်ကားကားနဲ့ ပြန်လာနေ ချင်ကြတာဆိုတော့ အဲဒီလိုမျိုး အဆင်ပြေသွားရင်တော့ အကောင်းဆုံးပါပဲ။
၂။ အမျိုးသား
အခုက ကျွန်တော်က လွိုင်ကော်နဲ့ အောင်ပန်းပြေးဆွဲနေတဲ့ ကားဆရာဖြစ်ပါတယ်။ လမ်းတွေ တစ်ကွေ့တစ်ပတ် မပတ်ရတော့ ပိုနီးသွားတာပေါ့။ လမ်းတွေပွင့်သွားတော့ ကျွန်တော်တို့ သွားလာရတာ ကုန်ကျစရိတ်သက်သာသွားတာပါတယ်။ ဒီလမ်း ပွင့်သွားတော့ ဝမ်းသာပါတယ်။ ကျေးဇူးတင်ပါတယ်။
၃။ အဘွား
ရွာကနေတောင် ထွက်လို့မရပါဘူး။ ကျွန်မတို့ ယာယီတိုက်ပွဲရှောင်တာတွေလည်း အဝေးကြီးကို ရှောင်ရပါတယ်။ ခုရွာလမ်းတွေလည်း ဖွင့်လာပြီဆိုတော့ ကျွန်မတို့ သွားရေးလာရေးအခက်အခဲတွေ အဆင်ပြေချောမွေ့သွားပါတယ်။ သွားလို့လာလို့ လွယ်ကူသွားပါတယ်။ ကုန်ဈေးနှုန်းတွေလည်း ကျဆင်းလာမယ်လို့ထင်ပါတယ်။ ကျွန်မတို့ရွာမှာ ကျောင်းတွေလည်းဖွင့်လာပြီ၊ ဆေးပေးခန်းတွေလည်း ဖွင့်လာပြီဆိုတော့ ကျွန်မတို့အတွက် အများကြီး အကျိုးကျေးဇူးတွေရှိလာပါ တယ်။ ဖွင့်ပေးဖို့ လုပ်ဆောင်ပေးကြတဲ့ အထက်လူကြီးတွေရော အားလုံးကို ကျေးဇူးတင်ပါတယ်။ အများကြီးလည်းဝမ်းသာပါတယ်။ ကျွန်မတို့ သွားလို့လာလို့ လွယ်ကူ လာတဲ့အတွက်လည်း အများကြီး ကျေးဇူးတင်ပါတယ်။
သတင်းစဉ်







