ဘားအံ ၅ မေ 

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ သက်ဆိုင်ရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါ၍ မေ ၄ ရက် နံနက်ပိုင်းက ဘားအံမြို့နှင့် အလှမ်းဝေးကွာလျက်ရှိသော မင်းစောကျေးရွာနှင့် ပျဉ်းမပင်ဆိပ်ကျေးရွာတို့တွင် လိုအပ်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးများ နောက်မကျစေရေး ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများအတွက် သွားရောက်ခဲ့သည်။

 

0011

 

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဦးစွာ မင်းစောကျေးရွာရှိ တိုင်းရင်းသား ပြည်သူများနှင့် ကျေးရွာဘုန်းတော်ကြီး ကျောင်းဓမ္မာရုံတွင် တွေ့ဆုံခဲ့ပြီး အမှာစကားပြောကြားကာ ဒေသခံပြည်သူများ၏ တင်ပြတောင်းဆိုမှုများအပေါ် ဆောင်ရွက်ပေးနိုင်မည့် အချက်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။ 

 

0012

 

ဒေသခံပြည်သူများ တောင်းဆိုသော မွန်ပြည်နယ်၊ သထုံခရိုင်သို့ ဆက်သွယ်သွားလာနိုင်သော လမ်းပေါ်ရှိ တံတားတည်ဆောင်နိုင်မှု အခြေအနေကို ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ ဒေသခံတာဝန်ရှိသူများနှင့် ညှိနှိုင်းကာ လိုအပ်ချက်များကို ဆောင်ရွက်ပေးနိုင်းရေး နယ်မြေကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

 

997

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပျဉ်းမပင်ဆိပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ပြုလုပ်သော အခမဲ့ နိုင်ငံသား စိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးသည့် အခမ်းအနားသို့ တက်ရောက်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြား (၆၀ဝ)ကျော် ဆောင်ရွက်ပေးမှုမှ ပြီးစီးခဲ့သည် (၄၀ဝ)ဦးအတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက တိုင်းရင်းသားပြည်သူများ လက်ဝယ်သို့ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် မင်းစောကျေးရွာနှင့် ပျဉ်းမပင်ဆိပ်ကျေးရွာ နှစ်ရွာအတွက် လက်ဆွဲဆိုလာမီးအိမ်များ၊ ဆက်စပ်ပစ္စည်း အစုံပါဝင်သည့် ဆိုလာပြားများနှင့် မိသားစုဝင် ကျောင်းသား/ ကျောင်းသူများအတွက် ဗလာစာအုပ်များကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)