မြဝတီ ၃ မေ
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ပြည်နယ်ဝန်ကြီးများ လိုက်ပါလျက် မြဝတီမြို့ ကွက်သစ်ဖော်ဆောင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား မေလ ၂ ရက်နေ့က လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုစဉ် မြို့ကွက်သစ်ဖော်ဆောင်ခြင်းလုပ်ငန်းစီမံကိန်းမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ အခက်အခဲများ၊ မြေအသုံးချမှုပုံစံများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြဝတီမြို့ကွက်သစ်လုပ်ငန်းဆောင်ရွက်နေမှု မြေနေရာများအား လိုက်လံ ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ မြဝတီမြို့ကွက်သစ်တွင် လူနေဇုန်၊ အငှားအိမ်ရာများ၊ ရုံများနှင့်အုပ်ချုပ်ရေးဇုန်၊ စီးပွားရေး၊ စားသောက်ဆိုင် များနှင့်ဝန်ဆောင်မှုဇုန်၊ ဟိုတယ်ဇုန်၊ ကစားကွင်း၊ ပန်းခြံနှင့် အနားယူအပန်းဖြေရေးဇုန်များ စသည်ဖြင့် ထည့်သွင်း ဆောင်ရွက်သွားမည် ဖြစ်သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်သည် မြဝတီမြို့နယ်၊ မဲကနယ်ကျေးရွာအတွင်းရှိ အစိုးရမှ တရားဝင်မြေနေရာချထားပေးလျက်ရှိသည့် အခြေအနေများ လိုက်လံကြည့်ရှုစစ်ဆေးပြီး လက်ရှိနေထိုင်လျက်ရှိသည့် ပြည်သူများအား ဆိုလာမီးအိမ် အလုံး ၃၀ဝ နှင့် ရေပုံးများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)


