တိုကျို ဇူလိုင် ၂၁
ကုန်သွယ်ခွန်စည်းကြပ်ခြင်းနှင့် ပတ်သက်၍ အမေရိကန်တာဝန်ရှိသူများနှင့် ဆွေးနွေးရန် ဂျပန်နိုင်ငံ စီးပွားရေးပြန်လည်ရှင်သန်ရေးဝန်ကြီး အာကာဇါဝါအာယိုဆေသည် ဝါရှင်တန်သို့ ဇူလိုင် ၂၁ ရက်က ထွက်ခွာခဲ့ကြောင်း သိရသည်။
အမေရိကန်က ဂျပန်နိုင်ငံမှ သွင်းကုန်များကို ဩဂုတ် ၁ ရက်မှစတင်၍ ၂၅ ရာခိုင်နှုန်း အခွန်ကောက်ခံရေး ဆောင်ရွက်နေသည်။ အမေရိကန်နှင့် ဂျပန်တို့အနေဖြင့် မိမိတို့နိုင်ငံ များ၏ အမျိုးသား အကျိုးစီးပွားအတွက် ကာကွယ်စောင့်ရှောက်ရန် လိုအပ်သဖြင့် ယခုဆွေးနွေးပွဲသည် အကြိတ်အနယ်ရှိမည် ဖြစ်သည်ဟု ၎င်းက အမေရိကန်သို့ မထွက်ခွာမီ ပြောကြားသည်။ မိမိအနေဖြင့် ဆွေးနွေးမှုများမှနေ၍ နှစ်ဖက်အကြား ဘုံသဘောတူညီ ချက်တစ်ရပ်ရရှိမည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားသည်။
၎င်း၏ ခရီးစဉ်အတွင်း အမေရိကန်ကုန်သွယ်ရေးဝန်ကြီး ဟောင်းဝပ်လတ်နစ်၊ ဘဏ္ဍာရေးဝန်ကြီး စကော့ဗင်ဆန်နှင့် ကုန်သွယ်ရေးကိုယ်စားလှယ် ဂျေမီဆင်ဂရီယာတို့နှင့် တွေ့ဆုံဆွေးနွေး မည်ဖြစ်သည်။ လက်ရှိအချိန်တွင် အမေရိကန် သည် ဂျပန်ဘက်မှ အဆိုပြုထားသည့် ဂျပန်နိုင်ငံက အမေရိကန်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ အများအပြား ဆောင်ရွက်ရန်နှင့် အမေရိကန်ထုတ်ကုန်များကို ဂျပန်နိုင်ငံသို့တင်ပို့ကာ အမေရိကန်နှင့် ဂျပန်အကြား ကုန်သွယ်မှုလိုငွေပြခြင်းကို လျှော့ချ ရေးဆိုသည့်အချက်ကို ပြန်လည်စဉ်းစားသုံးသပ်နေကြောင်း သိရသည်။
ဆွေးနွေးပွဲအတွင်း မိမိတို့နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိစေမည့် သဘောတူညီချက်တစ်ရပ် ရရှိမည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - စိုးသူရ


