လွိုင်ကော် ၂၅ ဧပြီ
ကယားပြည်နယ်အတွင်း ဘဏ္ဍာနှစ်အလိုက်ရငွေများ ပိုမိုကောက်ခံရရှိရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ကယားပြည်နယ်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဝန်ကြီးဦးမော်မော်က အဖွင့်အမှာစကား ပြောကြားရာတွင် ကယားပြည်နယ်၏ အခွန်ဘဏ္ဍာငွေရရှိမှုသည် အခြားတိုင်းဒေသကြီး/ ပြည်နယ်များနှင့် နှိုင်းယှဉ်ပါက များစွာ နည်းပါးနေသည့်အတွက် ပြည်နယ်အတွင်း ရငွေများ၊ အခွန်များ ပိုမိုတိုးတက်ရရှိစေရေးနှင့် ပြည်သူများအနေဖြင့် အခွန်ကို လိုလိုလားလား ထမ်းဆောင်လာစေရေး အဓိကရည်ရွယ်ပြီး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း တည်ငြိမ်မှုကိုလည်း မထိခိုက်စေ၊ အပြောင်းအလဲတွေလည်း ဖြစ်ပေါ်စေဆိုသော နည်းလမ်းကို ကျင့်သုံးရမှာဖြစ်ပြီး လုပ်ငန်းများ ပီပီပြင်ပြင် ဖြစ်ထွန်းလာစေဖို့အတွက် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူ တာဝန်ခံမှုများနှင့် အားသွန်ခွန်စိုက် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ပြည်နယ်ကြီး ဒီထက်မက ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပြီး ကယားပြည်နယ်၏ အကျိုး၊ နိုင်ငံတော်၏ အကျိုးအတွက် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာများ ပိုမိုတိုးတက်ကောက်ခံ ရရှိနိုင်ရေးကို ရှေးရှုပြီး အလုပ်ရုံဆွေးနွေးပွဲမှ ကောင်းမွန်သော အကျိုးရလဒ်ကောင်းများ ပေါ်ထွက်လာစေရေး ဆွေးနွေးပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ ပြည်နယ်အတွင်း ရငွေကောက်ခံသည့် အကြောင်းအရာများအား အသီးသီး ရှင်းလင်းပြောကြားခဲ့သည်။
အခမ်းအနားတွင် ရငွေများပေးဆောင်ရမည့်သူများ အားလုံးထံမှ ရငွေများရရှိရေး၊ ရငွေကောက်ခံရေးအတွက် နယ်ပယ်ချဲ့ထွင်ရေးနှင့် ဌာနအလိုက် သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေပါ ရငွေအားလုံး ကောက်ခံရေး၊ နိုင်ငံတော်မှ ရသင့်ရထိုက်သောရငွေများ အပြည့်အဝရရှိရေးနှင့် ရငွေများ ခေတ်ကာလနှင့်အညီ ကောက်ခံရေးတို့အား အဖွဲ့ခွဲ၍ အဖွဲ့လိုက်ရှင်းလင်းဆွေးနွေးကြပြီး စုပေါင်းဆွေးနွေးခြင်းရလဒ်ကို ဖော်ထုတ်ခဲ့ကြောင်း သိရသည်။
ကျော်စိုး(ပြန်/ဆက်)


