မယ်စဲ့ ၆ မေ
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးညီညီမင်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဘောလခဲခရိုင် အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မယ်စဲ့မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့အင်္ဂါရပ်များနှင့် ညီညွတ်စေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေများဖြင့် ကယန်းကြယ်စင်နှင့် ပြည်တော်ဦးကုမ္ပဏီတို့မှ တာဝန်ယူ ဆောင်ရွက်နေသော သံကူကွန်ကရစ်အဖုံးပါ ကျောက်စီရေမြောင်းနှင့် ပလပ်ဖောင်း တည်ဆောက်ခြင်းလုပ်ငန်း၊ အထက(မယ်စဲ့) ကျောင်းဝန်းအတွင်း ယခင်ခရီးစဉ်တွင် လမ်းညွှန်မှာကြားချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို သက်ဆိုင်ရာကုမ္ပဏီနှင့် တာဝန်ရှိသူများထံ လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မယ်စဲ့-ဟိုစဲ့လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် မျက်ကွယ်ကုန်းများ ဖြတ်ထုတ်ခြင်းလုပ်ငန်း၊ မြို့နယ်အားကစားကွင်း အဝင်လမ်း ဆောင်ရွက်မှုအခြေအနေ၊ မြို့မဘုန်းတော်ကြီးကျောင်း အနီးရှိ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်မှုအခြေအနေနှင့် နယ်စပ်ကုန်သွယ်ရေးစခန်း (ကုန်စစ်ဆင်) ကွန်ကရစ်လမ်းတို့အား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေး လိုအပ်ချက်များ တွက်ချက်တင်ပြရန်နှင့် ပြည်နယ်အစိုးရအဖွဲ့က ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းအစီအမံများကို ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


