လာအိုနိုင်ငံ၌ အလုပ်သမားများအတွက် အောက်တိုဘာ ၁ ရက်မှစကာ အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်ပေးမည်

ဗီယင်ကျန်း ဩဂုတ် ၂၁

 

လူနေမှုစရိတ်မြင့်မားလာမှုကို လိုက်လျောညီထွေဖြစ်စေရန်အတွက် အလုပ်သမားများ၏ အနိမ့်ဆုံး လုပ်ခလစာ ကစ်ပ် ၁၃၀၀၀၀၀ (အမေရိကန်ဒေါ်လာ ၆၆ ဒေါ်လာ) မှ ကစ်ပ် ၁၆၀၀၀၀၀ (အမေရိကန်ဒေါ်လာ ၈၂ ဒေါ်လာ) သို့ တိုးမြှင့်သတ်မှတ်ရန် လာအိုအစိုးရက အတည်ပြုလိုက်ပြီဖြစ်သည်။

 

ဇူလိုင်လအတွင်း ပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့၏ လစဉ်အစည်းအဝေးအပြီးတွင် လာမည့် အောက်တိုဘာ ၁ ရက်ကစ၍ လာအိုနိုင်ငံရှိ အလုပ်သမားများအတွက် အနိမ့်ဆုံး လုပ်ခလစာတိုးမြှင့်ရေး ကြေညာချက်ကို ထုတ်ပြန်ခဲ့ကြောင်း လာအိုပတ္တနာသတင်းဌာန၏ ထုတ်ပြန်မှုအရ သိရသည်။

 

ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာခြင်းကြောင့် လာအိုတွင် လူနေမှုကုန်ကျစရိတ်အပေါ် သိသာစွာ သက်ရောက်မှုရှိစေသောကြောင့် အနည်းဆုံး အခကြေးငွေကို တိုးမြှင့်ရန် ၂၀၂၃ ခုနှစ် ဇွန်လတွင် အမျိုးသားလွှတ်တော်က အဆိုပြုခဲ့သည်။

 

လာအိုငွေကြေးတန်ဖိုး ကျဆင်းခြင်းနှင့် ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်းသည် လာအိုနိုင်ငံသားများ အိမ်နီးချင်းနိုင်ငံများတွင် အလုပ်အကိုင်ရှာဖွေရန်အတွက် အဓိကအကြောင်းရင်းဖြစ်လာပြီး လာအိုတွင် လုပ်သားရှားပါးမှုကို ဖြစ်ပေါ်စေခဲ့သည်။

 

အခြားနိုင်ငံများတွင် လစာပိုကောင်းသော အလုပ်အကိုင်များရရှိရန် လာအိုနိုင်ငံမှ ထွက်ခွာသူ ပိုများလာသဖြင့် နိုင်ငံ၏စီးပွားရေး ဆက်လက်ဆိုးရွားနေမည်ကို စိုးရိမ်နေရကြောင်း အမျိုးသားလွှတ်တော် အဖွဲ့ဝင်များက ထုတ်ဖော်ပြောကြားသည်။

 

ယခုနှစ်အတွင်း လာအိုနိုင်ငံမှ ကျွမ်းကျင်လုပ်သား ၃၁၃၉၄ ဦးခန့် ပြည်ပသို့ ထွက်ခွာခဲ့ပြီး ၂၀၂၃ ခုနှစ် ဧပြီလတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသူ ၃၀၂၀၀ ကျော်ရှိကြောင်း၊ ၂၀၂၂ ခုနှစ်တွင် လာအိုနိုင်ငံသား ၅၀၀၇၁၂ ဦးသည် နိုင်ငံရပ်ခြားသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြောင်း အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာန၏ အစီရင်ခံစာအရ သိရသည်။

 

ဆင်ဟွာ