လာအိုနိုင်ငံ၌ မြေပြိုမှု၊ ရေကြီးမှုတို့ကြောင် လူပေါင်းထောင်ချီ  ရေဘေးသင့်

ဩဂုတ် ၁၆

လာအိုနိုင်ငံ ဒေသအများအပြားတွင် ရေကြီးရေလျှံမှု၊ မြေပြိုမှုတို့ကြောင့် လယ်ယာမြေ၊ အိုးအိမ်နှင့် အခြားပိုင်ဆိုင်မှုပစ္စည်းများ ပျက်စီးခဲ့ပြီး လူပေါင်းထောင်ချီ ရေဘေးသင့်ခဲ့သည်။

လာအိုနိုင်ငံရှိ ပြည်နယ်များတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး မြေပြိုမှုများကြောင့် အချို့နေရာများရှိ လမ်းများ ပျက်စီးသွားခဲ့သည်။

နိုင်ငံတစ်ဝန်းတွင် မိုးများဆက်လက်ရွာသွန်းနေဆဲဖြစ်ပြီး မြစ်ရေများထပ်မံမြင့်တက်လာသည်ဟု လာအိုသဘာဝ ပတ်ဝန်းကျင်နှင့် သယံဇာတဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

ဗန်ဂျီဗင်ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ရေလက်ကြားနှင့်နီးကပ်သဖြင့် ဘေးကင်းလုံခြုံမှုရှိစေရန်အတွက် ခရီးသွားလုပ်ငန်း ဆိုင်းငံ့ထားရန် ဩဂုတ်လ ၈ ရက်က အကြောင်းကြားခဲ့သည်။

ဗန်ဂျီဗင်ခရိုင်အုပ်ချုပ်ရေးမှူး ဘွန်ချန်မာလာဗွန်က အဝေးပြေးလမ်းမ ပျက်စီးခဲ့ပြီး ထိုဒေသတွင်းရှိယာဉ်များ သွားလာရာတွင်ထိခိုက်မှုရှိခဲ့သည်။ ခရီးသွားလုပ်ငန်းဝန်ဆောင်မှုအချို့လည်း ထိခိုက်ခဲ့သည်။

လာအိုနိုင်ငံတစ်ဝန်းရှိ ရာနှင့်ချီသောကျေးရွာများတွင် ရက်ပေါင်းများစွာကြာမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။

ထိုရေကြီးရေလျှံမှုမျာဖြစ်ပွားသောကြောင့် ကျေးရွာ ၁၄ ရွာရှိ မိသားစုပေါင်း ၂၈၀၀ ကျော် ရေဘေးသင့်ခဲ့သည်။ လယ်ယာမြေ ဟက်တာ ၆၁၀၀ ကျော် ရေလွှမ်းမိုးခံရသည်။ ကျွဲ၊ နွား၊ ဝက်နှင့် ဆိတ်ကောင်ရေ ၁၇၀၀၀ နီးပါးနှင့် မွေးမြူရေး ကြက်၊ ဘဲကောင်ရေ ၁၅၀၀၀ နီးပါး ရေစီးကြောင်းအတွင်းမျောပါသွားသည်ဟု သိရသည်။

ရက်ပေါင်းများစွာကြာမိုးရွာသွန်းမှုကြောင့် အချို့ဒေသများတွင် မဲခေါင်မြစ်ရေသည် စိုးရိမ်ခြေအမှတ်နီးကပ်လာသဖြင့် ထိုမြစ်ကြောင်းတစ်လျှောက်နေထိုင်သူများအနေဖြင့်  သတိဖြင့်နေထိုင်ကြရန်နှင့် လိုအပ်ပါက ဘေးလွတ်ရာသို့ရွှေ့ပြောင်း နေထိုင်နိုင်ရေး ပြင်ဆင်ကြရန် သတိပေးပြောကြားထားကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို