လာအိုနိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၀၉၃၆ ဦး ရှိလာ

ဩဂုတ် ၁၈

လာအိုနိုင်ငံတွင် ယခုနှစ် ဇန်နဝါရီလနောက်ပိုင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၂၀၉၃၆ ဦးရှိလာပြီး ယင်းရောဂါဖြင့် သေဆုံးသူ ၁၄ ရှိကြောင်း လာအိုကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။နိုင်ငံအတွင်း အောဒိုပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၄၁၆၁ ဦး ရှိရာ ထိုရောဂါဖြစ်ပွားသူဦးရေ အများဆုံးဖြစ်သည်။ ခမ်မူအန်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၀၈၂ ဦး၊ လူအန်ပရာဘန်ပြည်နယ်တွင် ၂၂၅၀ ဦး တို့ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ကပြောကြားသည်။

အဆိုပါရောဂါဖြင့် သေဆုံးသူ ၁၄ ဦးတွင် ဘိုလစ်ခမ်ပြည်နယ်မှငါးဦး၊ ဆာဗန်နာခတ်နှင့် မြို့တော် ဗီယင်ကျန်းတို့မှ နှစ်ဦးစီနှင့် အော်ဒို၊ ခမ်မူအန်၊ အတ်တပူနှင့် ဗီယင်ကျန်းပြည်နယ်အသီးသီးတို့မှတစ်ဦးစီ ပါဝင်ကြောင်း ဖော်ပြထားသည်။ခြင်ပေါက်ဖွားသည့် သန့်ရှင်းမှုမရှိသော ရေဝပ်နေရာအနား နေထိုင်သူများတွင် သွေးလွန်တုပ်ကွေးရောဂါ လျင်မြန်စွာဖြစ်ပွားသည်။ ပတ်ဝန်းကျင်အနီးနားတွင် ရေစီးဆင်းမှုမရှိပဲရေဝပ်နေမှုများရှိနေခြင်းကြောင့် အထူးသဖြင့် မိုးရာသီကာလတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသည့်ခြင်များပေါက်ဖွားမှုများပြားလာသဖြင့် သတိပြုနေထိုင်ကြရန် နိုင်ငံတစ်ဝန်းရှိနိုင်ငံသားများအား လာအိုကျန်းမာရေးဝန်ကြီးဌာနက ပြောကြားထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို