လာအိုနိုင်ငံ၌ ယခုနှစ်ပထမခြောက်လအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၇၁၉၇ ဦးရှိ၊ တစ်ဦးသေဆုံး

ဇူလိုင် ၃

လာအိုနိုင်ငံတွင် ယခုနှစ်ပထမခြောက်လအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုသည် ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ရောဂါဖြစ်ပွားမှုပိုမိုများပြားသည်ဟု သိရသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၇၁၉၇ ဦးရှိပြီး ထိုရောဂါကြောင့် တစ်ဦးသေဆုံးကြောင်း လာအိုကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ကျန်းမာရေးဆိုင်ရာ ပြန်ကြားရေးနှင့် ပညာရေးစင်တာက သတင်းထုတ်ပြန်ခဲ့သည်။

လွန်ခဲ့သောနှစ် အလားတူကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၆၀၄၇ ဦးရှိပြီး ထိုရောဂါကြောင့် သေဆုံးသူရှစ်ဦးရှိခဲ့သည်။

ခြင်ကိုက်ခြင်းမှကာကွယ်ရန်နည်းလမ်းများနှင့်ပတ်သက်ပြီး ပြည်သူများအားသိရှိနားလည်စေခြင်းနှင့် ရောဂါပိုး ကူးစက်ပြန့်ပွားခြင်းကို ဟန့်တားရန် အစိုးရ၏ အားစိုက်လုပ်ဆောင်ချက်များကြောင့် ယင်းရောဂါဖြင့်သေဆုံးမှု အရေအတွက်ကျဆင်းခဲ့သည်ဟု သိရသည်။

လာအိုနိုင်ငံသည် ထိုရောဂါဖြစ်ပွားသူများအား ဆေးရုံများနှင့်ဆေးခန်းများတွင်ကုသပေးခြင်းနှင့် မကြာသေးမီနှစ်များအတွင်း ယင်းရောဂါကြောင့်သေဆုံးမှုနှင့်ပတ်သက်သည့် ကာကွယ်လုပ်ဆောင်ရေးလုပ်ငန်းများတွင် ကြီးမားသော အောင်မြင်မှုကိုရရှိခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို