နေပြည်တော် ၃ ဩဂုတ်

 

ယနေ့ နံနက် ၁၁ နာရီခွဲ တိုင်းထွာချက်များအရ လာအိုနိုင်ငံပေါ်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းငယ် “စင်လကု (Sinlaku) သည် လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားပြီး မြန်မာနိုင်ငံဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားလျက်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည်။

 

ယနေ့ညနေအထိ ခန့်မှန်းချက်အနေဖြင့် ကချင်ပြည်နယ်တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။

 

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၀)ပေမှ (၁၄)ပေခန့် ရှိနိုင်သည်။

 

နောက်(၂)ရက်အတွက် ခန့်မှန်းချက်မှာ မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းမည်။

 

ယနေ့ညနေအထိ ခန့်မှန်းချက်များမှာ နေပြည်တော်နှင့် မန္တလေးမြို့တို့ အနီးတစ်ဝိုက်တွင် မိုးပြတ်တောင်းရွာပြီး တစ်ခါတစ်ရံ သည်းထန်နိုင်သည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။ ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင် မိုးအသင့်အတင့် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။

 

MDN

ဓာတ်ပုံ- မိုးဇလ