(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၂၀)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိ မိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါသည်။ ညအပူချိန်များမှာ တနင်္သာရီတိုင်းဒေသကြီးတွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်အောက် (၄)ဒီဂရီစင်တီဂရိတ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့အောက် (၂)ဒီဂရီစင်တီဂရိတ်လျော့နည်းခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဒီဇင်ဘာလ၏ပျမ်းမျှအပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ပျမ်းမျှအပူချိန်တို့ထက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်အထိနှင့် နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင်ဒီဇင်ဘာလ၏ပျမ်းမျှအပူချိန်တို့ထက် (၅)ဒီဂရီစင်တီဂရိတ်မှ (၆)ဒီဂရီစင်တီဂရိတ်အထိပိုခဲ့ကာ၊ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ပါသည်။ ထူးခြားသည့်ညအပူချိန်များမှာဟားခါးမြို့တွင် (၂)ဒီဂရီစင်တီဂရိတ်၊ နမ့်စန်မြို့နှင့် တီးတိန်မြို့တို့တွင် (၆)ဒီဂရီစင်တီဂရိတ်စီနှင့် ပူတာအိုမြို့၊ ကျိုင်းတုံမြို့၊ မိုင်းယန်းမြို့နှင့် ဖလမ်းမြို့တို့တွင် (၈)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ သံတွဲမြို့တွင် (၁.၄၂)လက်မ၊ ပုဏ္ဏားကျွန်းမြို့တွင် (၀.၂၈)လက်မနှင့် မြစ်ကြီးနားမြို့နှင့် စစ်တွေမြို့တို့တွင် (၀.၁၂)လက်မစီတို့ ဖြစ်ကြပါသည်။  


 
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော အီကွေတာအနီးအိန္ဒိယသမုဒ္ဒရာအရှေ့ပိုင်းတို့တွင် ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကာ၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့်ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် အများအားဖြင့် သာယာနေပါသည်။

 

မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်။ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ 

 

မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ အရှေ့ဘက်မှလေပြင်းများ တိုက်ခတ်ပြီးလှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ အရှေ့ဘက်မှ လေပြင်းများတိုက်ခတ်စဉ်ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာမြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၉)ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၆)ပေခန့်ရှိနိုင်ပါသည်။

 

နောက်(၂)ရက်အတွက် ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ညအပူချိန်များအနည်းငယ် လျော့နည်းနိုင်ပါသည်။

 

နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့ အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

 

Credit>မိုး/ဇလ