နေပြည်တော် ၁၄ မေ 

 

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဉီးစီးဌာန၏ (၁၄-၅-၂၀၂၀)နေ့ ညနေ(၄)နာရီအချိန် ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး ပိုမိုအားကောင်းလာကာ နောက်(၂၄)နာရီအတွင်း ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် မုန်တိုင်းငယ် (Depression) အဆင့်သို့ လည်းကောင်း၊ နောက်(၄၈)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဆင့်သို့လည်းကောင်း ရောက်ရှိနိုင်ကြောင်း၊ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိပြီးနောက်၊ ကနဉီးတွင် အနောက်မြောက်ဘက်သို့ရွေ့လျားပြီး (၁၇-၅-၂၀၂၀)ရက်နေ့ နောက်ပိုင်းတွင် မြောက်-အရှေ့မြောက်ဘက်သို့ကွေ့ကာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းသို့ ရွေ့လျားနိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာနအနေဖြင့်လည်း ယခုကဲ့သို့ကာလတွင် မုန်တိုင်းဖြစ်ပေါ်မှုဆိုင်ရာ၊ မိုးရွာသွန်းမှု ဆိုင်ရာသတင်းအချက်အလက်များကို မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဉီးစီးဌာန၏ တရားဝင် ထုတ်ပြန်ချက်များနှင့် နိုင်ငံတကာမိုးလေဝသဆိုင်ရာ Website များတွင် အချိန်နှင့်တပြေးညီ လေ့လာဆန်းစစ်၍ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်နိုင်မှု အခြေအနေများနှင့် ထိခိုက်နိုင်ခြေများကို လေ့လာသုံးသပ် ဆောင်ရွက်လျက်ရှိပါသည်။

 

(၁၇-၅-၂၀၂၀) ရက်နေ့ နောက်ပိုင်းတွင် မြောက်-အရှေ့မြောက်ဘက်သို့ ကွေ့လာပါက မုန်တိုင်းဦးတည်ရာလမ်းကြောင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းအလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများဆီသို့ ဦးတည်လာနိုင်သည့် အလားအလာများကို မုန်တိုင်းလမ်းကြောင်း ခန့်မှန်းသည့် နိုင်ငံတကာ မိုးလေဝသအေဂျင်စီများ၏ အင်တာနက်စာမျက်နှာများတွင် လေ့လာတွေ့ရှိရပါသည်။ 

 

လတ်တလော လေ့လာဆန်းစစ်တွေ့ရှိချက်များအရ မုန်တိုင်းမှာ ခန့်မှန်းသည့်အတိုင်း မြောက်၊ အရှေ့မြောက်ဘက်သို့ ၁၇-၅-၂၀၂၀ ရက်နေ့နောက်ပိုင်းတွင် ဆက်လက်ရွေ့လျားခဲ့မည်ဆိုပါက ခန့်မှန်း ၁၉-၅-၂၀၂၀ ရက်နေ့တွင် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း အလယ်ပိုင်း၊ မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်း ဒေသများအနီးသို့ ရောက်ရှိလာနိုင်ကာ မုန်တိုင်း၏ အမြင့်ဆုံး လေတိုက်နှုန်းမှာ ခန့်မှန်းတစ်နာရီလျှင် မိုင် ၁၀ဝ နှုန်းခန့်၊ မိုးရေချိန်မှာ အမြင့်ဆုံး ၃ လက်မမှ ၇ လက်မခန့်အထိရှိနိုင်ပြီး လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ လျှပ်တပြက်ရေကြီးခြင်း၊ မြေပြိုခြင်းအန္တရာယ်များနှင့် ကမ်းရိုးတန်းအချို့နေရာများသည် မုန်တိုင်းကြောင့် မုန်တိုင်းဒီရေတက်ခြင်းကို ကြုံတွေ့ရနိုင်ပါသည်။


   
ယခု ဖြစ်ပေါ်လျက်ရှိသော မုန်တိုင်းလမ်းကြောင်းခန့်မှန်းချက်သည် မိုးလေဝသဖြစ်စဉ် သဘောသဘာဝများကြောင့် အချိန်နှင့်အမျှ ပြောင်းလဲဖြစ်ပေါ်နိုင်သည်လည်းဖြစ်၍ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဉီးစီးဌာနမှ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးလျက်ရှိသည့် ထုတ်ပြန်ချက်များကို စဉ်ဆက်မပြတ် ဂရုပြုနားထောင်ရန် လိုအပ်ပါသည်။ 

 

မြန်မာနိုင်ငံဘက်သို့ မုန်တိုင်းဝင်ရောက်မည်ဆိုပါက ကမ်းရိုးတန်းဒေသများသာမက ကုန်းတွင်းပိုင်း ဒေသများသည်လည်း မုန်းတိုင်းနှင့်ပတ်သက်၍ အထူးသတိပြုရန်လိုအပ်ပြီး အောက်ဖော်ပြပါ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက အကြံပြု အပ်ပါသည်-

 

(၁) မုန်တိုင်းဖြစ်ပေါ်လာပါက လုံခြုံမှုရှိစေရေး ဘေးလွတ်ကင်းရာနေရာတွင် ခိုလှုံနေထိုင်ရန် လိုအပ်ပါသည်။ သို့ရာတွင် ယခုကာလသည် COVID–19 ကူးစက်ရောဂါဖြစ်ပွားနေချိန် ဖြစ်သဖြင့် တတ်နိုင်ပါက မိမိအိမ်၌သာ ခိုလှုံနေထိုင်နိုင်ရေးအတွက် နေအိမ်အဆောက်အဦများအား လေဒဏ်၊ မိုးဒဏ်ခံနိုင်စေရန် ပြင်ဆင်ထားပါ။

 

(၂) လိုအပ်လာပါက အရေးပေါ်ပြောင်းရွှေ့နိုင်ရန် စီစဉ်ထားပြီး အရေးပေါ်သုံးပစ္စည်းများ၊ စားရေရိက္ခာနှင့် အရေးကြီး စာရွက်စာတမ်းများကို မိမိနှင့်အတူထားရှိပါ။ COVID–19 ကူးစက်ရောဂါကာကွယ်နိုင်ရန်အတွက် ဆပ်ပြာ၊ လက်သန့်ဆေးရည်၊ ပါးစပ်နှင့် နှာခေါင်းစည်းများ ကြိုတင်စုဆောင်းယူဆောင်သွားပါ။ 

 

(၃) လက်နှိပ်ဓါတ်မီး၊ ဖယောင်းတိုင်၊ မီးခြစ်များ အရံသင့်ဆောင်ထားပါ။ လက်ကိုင်ဖုန်းများကို အားသွင်းထားပါ။

 

(၄) မိသားစုဝင်များကွဲကွာသွားခဲ့ပါက ပြန်လည်ဆုံတွေ့နိုင်မည့် ဆုံရပ်သတ်မှတ်ထားပါ။ ဆက်သွယ်ရန် ဖုန်းနံပါတ်၊ အမည်၊ ရပ်ကွက်/ကျေးရွာ၊ မြို့၊ ဆက်သွယ်ရမည့်သူ စသည် တို့အားရေသားပြီး မိသားစုဝင်တိုင်း ယူဆောင်ထားပါ။

 

(၅) ကမ်းခြေများအနီး နေထိုင်သူများ၊ အလုပ်လုပ်ကိုင်နေသူများ၊ ပင်လယ်ပြင်တွင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသူများ မုန်တိုင်းသတင်းကို စဉ်ဆက်မပြတ် နားထောင်၊ လေ့လာ၍ အထူးသတိပြုနေထိုင်ပါ။ မုန်တိုင်းဒီရေတက်ရောက်နိုင်သည်ကိုလည်း သတိပြုပါ။ 

 

(၆) ကုန်းတွင်းပိုင်းဒေသများအနေဖြင့် မုန်တိုင်းဒဏ်ကို တိုက်ရိုက်မခံစားရသော်လည်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းများ၊ မိုးကြိုးပစ်ခြင်းများလည်း ဖြစ်ပေါ်နိုင်သည့်အတွက် အထူးသတိပြုနေထိုင်ပါ။

 

(၇) တောင်ကျချောင်းများတွင် ရုတ်တရက်ရေကြီးမှုများ ဖြစ်လာနိုင်သဖြင့် တောင်ကျချောင်းများအနီး နေထိုင်သူများ အထူးသတိထားနေထိုင်ပါ။ လိုအပ်ပါက လုံခြုံသည့်နေရာသို့ ကြိုတင်ရွှေ့ပြောင်းပါ။

 

(၈) မြစ်၊ ချောင်းများအနီးနှင့် မြေပြိုမှုများဖြစ်ပေါ်နိုင်သည့် နေရာများမှ ခေတ္တရှောင်ရှား နေထိုင်ပါ။

 

(၉) မိမိတို့ရပ်ရွာအတွင်း မုန်တိုင်းဒဏ်ခံနိုင်သည့် နီးစပ်ရာအိမ်များ၊ အဆောက်အဉီများသို့ ရွှေ့ပြောင်းနေထိုင်သည်ဖြစ်စေ၊ သတ်မှတ်ထားသည့် ဘေးလွတ်ကင်းရာ နေရာများသို့ ရွှေ့ပြောင်းသည်ဖြစ်စေ COVID–19 ကူးစက်ရောဂါဆိုင်ရာ လိုက်နာရမည့် ညွှန်ကြားချက်များကို တိကျစွာလိုက်နာပါ။

 

ပြည်သူများအနေဖြင့် မုန်တိုင်းဖြစ်ပေါ်မှုအခြေအနေနှင့် ပတ်သက်၍ စဉ်ဆက်မပြတ်လေ့လာကာ အရေးပေါ်အချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုများအတိုင်း လိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် (၂၄)နာရီဖွင့်လှစ်ထားရှိသော Hot-line ဖုန်းများဖြစ်သည့် ဝ၆၇-၃၄၀၄၆၆၆ နှင့် ဝ၆၇-၃၄၀၄၇၇၇ တို့သို့ အချိန်မရွေး ဆက်သွယ်သတင်းရယူ၊ အကူအညီ တောင်းခံနိုင်ပါကြောင်း  အသိပေးနှိုးဆော်အပ်ပါသည်။

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန