ဝိုင်းမော် ၃၀ ဧပြီ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရောက်ရှိ နေထိုင်လျက်ရှိသည့် လီဆူတိုင်းရင်းသား တိုက်ပွဲရှောင် စခန်းများသို့ ဧပြီ ၂၉ရက်က ရန်ကုန်မြို့အခြေစိုက် CEDAR FUND လူမှုကူညီရေးအဖွဲ့မှ ဒါရိုက်တာ ဒေါ်နီဆက်ထူးနှင့် အလှုရှင်များမှ တာဝန်ယူ၍ စားသုံးဆန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နံနက်ပိုင်းတွင် ဝိုင်းမော်မြို့နယ် ခါးရှိကျေးရွာ လီဆူတိုက်ပွဲရှောင်စခန်းတွင် ဆန်အိတ်များ ထောက်ပံ့ပေးအပ်ရာ အထက်မြန်မာပြည် လီဆူခရစ်ယာန် အသင်းတော်မှ သိက္ခာတော်ရဆရာ ဦးဒေးဗစ်ဖစ်ရှ်မှ နှုတ်ခွန်းဆက် စကားပြောကြားပြီး စစ်ရှောင်စခန်းနေ ကလေးငယ်များက လီဆူတိုင်းရင်းသား ဘာသာနှင့် မြန်မာဘာသာတို့ဖြင့် ခရစ်ယာန် ဆုတောင်းတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြသည်။
ထို့နောက် တက်ရောက်လာသည့် အလှုရှင်များက တိုက်ပွဲရှောင်စခန်းနေ ပြည်သူများ၏ တွေ့ကြုံရသည့် အခက်အခဲများအား မေးမြန်း၍ လိုအပ်သည့် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်နိုင်အောင် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အလှုရှင်များက ပြောကြား၍ စခန်းနေပြည်သူ အိမ်ထောင်စု (၅၉)စုမှ လူဦးရေ (၃၀ဝ) ကျော်အား ဆန်(၁၂)အိတ်ထောက်ပံ့ပေးအပ်လှုဒါန်းခဲ့သည်။
ဆက်လက်၍ အလှုရှင်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ဝိုင်းမော်မြို့နယ် ဆဒုံးမြို့ တိုက်ပွဲရှောင်စခန်းသို့ သွားရောက်ကာ အိမ်ထောင်စု(၈၅)စုမှ လူဦးရေ(၄၀ဝ) ကျော်အတွက် ဆန်(၁၂)အိတ်၊ လီဆူတိုင်းရင်းသား ဖွံ့ဖြိုးရေး ဂေဟာရှိလူငယ်(၆၀) အတွက် ဆန်(၅)အိတ်၊ အင်ဝိုင်းကောင် ဘုရားကျောင်းရှိ အိမ်ထောင်စု(၆၀)မှ အင်အား(၃၀ဝ)ကျော်အတွက် ဆန်(၃)အိတ်၊ မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်ရှိ လီဆူမိဘမဲ့ဂေဟာရှိ ကလေးငယ်(၃၀)အတွက် ဆန်(၅)အိတ်နှင့် ရက်တိုအင်္ဂလိပ် ဘာသာအခမဲ့ သင်တန်းကျောင်းရှိ ကျောင်းသား ကျောင်းသူ(၂၆)ဦးအတွက် ဆန်(၃)အိတ်တို့ ထောက်ပံ့ပေးအပ်လှုဒါန်းခဲ့သည်။
ယင်းနောက် နေရပ်စွန့်ခွာ တိုက်ပွဲရှောင်များ၏ လိုအပ်ချက်များအား မေးမြန်း၍ တိုက်ပွဲရှောင်ပြည်သူများအနေဖြင့် လတ်တလောဆောင်ရွက်နိုင်မည့် သက်မွေးပညာများ သင်ကြားပေးနိုင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
မိုဃ်းကျ(မြစ်ကြီးနား)


