လှိုင်းဘွဲ ဇူလိုင် ၁၃

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်တွင် မိုးစပါးစိုက်ဧက ၁၂၀၈၈၉ ဧကကို စိုက်ပျိုးရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက လျာထားချက်ထားရှိပြီး လျာထားချက်ပြည့်မီစွာ စိုက်ပျိုးသွားနိုင်စေရေးအတွက် တောင်သူများအား ပညာပေး စည်းရုံးခြင်း၊ မိုးစပါးအထွက်တိုးနိုင် စေမည့် စိုက်ပျိုးရေးနည်းစနစ်များကို လက်တွေ့ပါဝင်ကူညီ စိုက်ပျိုးပြသပေးခြင်းလုပ်ငန်းများကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းဝတ်ရည်စမ်းနှင့် ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ပေးလျက် ရှိသည်။

 

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မိုးစပါးစိုက်ပျိုးရန် လျားထားချက်ထားရှိသည့်ဧကများမှ အောင်နိုင်တိုး မျိုးသန့် စံပြစိုက်ကွက် တစ်ကွင်းတစ်ဆက်တည်း ဧက ၅၀၊ တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် ဧက ၂၀၀ ကို တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ပြီး မျိုးစေ့ထုတ် ဧက ၄၂၅ ဧက၊ မိုးစပါး အထွက်နှုန်းတိုးတက်စေရေး စံပြစိုက်ကွက် ဧက ၁၀၀ ကို စိုက်ပျိုးသွားမည် ဖြစ်ကာ တောင်ကုန်း တောင်တန်းများ၌ နေထိုင်ကြသည့် တောင်သူများကလည်း တောင်ယာစပါး ၂၇၇၈ ဧကတို့ကို စိုက်ပျိုးသွားမည်ဖြစ်သည်။

 

ကရင်ပြည်နယ်အစိုးရအဖွဲ့ကလည်း တောင်သူများအနေဖြင့် မိုးစပါး မစိုက်ပျိုးမီ မြေဆီလွှာအာဟာရ ထက်သန်စေရန် လယ်မြေဧက ၆၀၀အတွက် သစ်စိမ်း မြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့တင်း ၁၅၀ ကို အခမဲ့ ဖြန့်ဝေပေးခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများက မိုးစပါးတစ်ဧက အထွက်နှုန်းတိုးတက်ရေး နှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီ ကျော်လွန်စေရေးအတွက် မြေဆီလွှာပြုပြင်ခြင်းလုပ်ငန်းများ၊ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေး၊ ဒေသရေမြေနှင့်ကိုက်ညီသော အထွက်ကောင်းမျိုး စပါးများ တိုးချဲ့စိုက်ပျိုးရေး၊ စိုက်ပျိုးရာသီအတွင်း ကျရောက်တတ်သော ပိုးမွှားရောဂါကာကွယ် နှိမ်နင်းရေး နည်းလမ်းများကို အသိပညာပေး ဆွေးနွေးခြင်း၊ စူပါဘိုကာရှီ သဘာဝမြေဩဇာ ပြုလုပ်နည်း အဆင့်ဆင့် လက်တွေ့ပြုလုပ်ပြသခြင်း လုပ်ငန်းများကို ကွင်းဆင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းဝတ်ရည်စမ်းထံမှ သိရသည်။

စောဒိ(ပြန်/ဆက်)