ရန်ကုန်  ၈  မတ် 


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ( ၂၃၀ ) ကေဗွီ ဝါးတရာ ( ရွာမ - လှိုင်သာယာ ) ဓာတ်အားလိုင်း တည်ဆောက်လျှက်ရှိရာ လှိုင်မြစ်ဖြတ်ကျော်ကြိုးဆွဲခြင်းလုပ်ငန်းကို ရွှေပြည်သာမြို့နယ်( ဝါးတရာ )နှင့် ထန်းတပင်မြို့နယ်အကြား မတ် ၁၂ ရက်မှ ၂၁ ရက် အထိ  နေ့စဉ်နံနက်  ၈  နာရီမှ ညနေ ၅ နာရီအထိ လုပ်ငန်းများဆောင်ရွက်မည် ဖြစ်သည်။


လှိုင်မြစ်ဖြတ်ကျော် ဓာတ်အားလိုင်းကြိုးဆွဲခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ရေလယ်တွင်  တန်းစီထားသော  ရေယာဉ်များပေါ်မှ  ကျော်ဖြတ်၍  သွယ်တန်းမည်ဖြစ်သဖြင့် လုပ်ငန်းဆောင်ရွက်နေစဉ် အတွင်း လုပ်ငန်းခွင်၏ အထက်နှင့်အောက်ဘက်ရှိ မြစ်အတွင်းမှ ရေယာဉ်များဖြင့် ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ စောင့်ဆိုင်းပြီး ရေလမ်းခေတ္တပိတ်ထားမည် ဖြစ်သည်။ 


အဆိုပါ ရေလမ်းအတွင်းမှ ဖြတ်သန်းမည့် ရေယာဉ်များအနေဖြင့် လုပ်ငန်းခွင်မှလွတ်ကင်းရာနေရာတွင် ရပ်နားစောင့်ဆိုင်းပြီး ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ ခွင့်ပြုချက်ရမှသာ ဖြတ်သန်းခုတ်မောင်းကြရန် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေလမ်းသတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။ 


(သတင်းစဉ်)