ရန်ကုန် အောက်တိုဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ အလုပ်သမားဝန်ကြီးဌာန အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင်အရောက် အလုပ်သမားဥပဒေပါ ရပိုင်ခွင့်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ အသိပညာပေးဆွေးနွေးပွဲကို အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စက်ရုံလေးရုံသို့ ကွင်းဆင်းဆောင်ရွက်သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရွှေလင်ပန်းစက်မှုဇုန်အတွင်းရှိ Hung Yang Leather Co.,Ltd. အိတ်ချုပ်စက်ရုံ၊ Jun Sheng Garment Co.,Ltd. အထည်ချုပ်စက်ရုံ၊ Denso Industry Yangon Co.,Ltd. ဝိုင်ယာဟားနက်(စ်)ထုတ်လုပ် ဖြန့်ဖြူးခြင်းစက်ရုံနှင့် Unity Sports Co.,Ltd. လက်အိတ်စက်ရုံတို့တွင် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဇော်လတ်၊ ဦးစီးအရာရှိ ဦးကြည်လင်တို့က အလုပ်သမားဥပဒေပါ ရပိုင်ခွင့်များအကြောင်း ရှင်းလင်းပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းသူက လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအကြောင်းကို ရှင်းလင်းဆွေနွေးပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


