နေပြည်တော် ၂၃  ဧပြီ

           

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီ၏ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၁၉)အား ယမန်နေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေး ဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

           

အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဌ၊ ဦးမြင့်သူ (အမြဲတမ်းအတွင်းဝန်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန)၊ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ဦးဝင်းနိုင်ထွန်း (ညွှန်ကြားရေးမှူးချုပ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန) နှင့် လုပ်ငန်းကော်မတီတွင်ပါဝင်သည့် ဌာနဆိုင်ရာအသီးသီးမှ အဖွဲ့ဝင်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

           

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်လုပ်ငန်းကော်မတီဥက္ကဌ ဦးမြင့်သူက လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီ ဖွဲ့စည်းရခြင်း၏ အဓိကအကြောင်းရင်းများကိုရှင်းပြပြီး၊ ကုလသမဂ္ဂဘက်မှ အဆိုပြုသည့် ကလေးသူငယ်များအား သေကြေထိခိုက်ဒဏ်ရာရစေခြင်းနှင့် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်ခြင်းတို့အား အဆုံးသတ်ရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းစီမံချက်(၂)ရပ်မူကြမ်းအား ရှင်းလင်းကာ သက်ဆိုင်ရာဌာနဆိုင်ရာများအလိုက် ပါဝင်ဆွေး နွေးစေလိုကြောင်း ပြောကြားသည်။

           

ဆက်လက်၍ လုပ်ငန်းကော်မတီအတွင်းရေးမှူး ဦးဝင်းနိုင်ထွန်းက လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ်ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီကို ဇန်နဝါရီ(၇)ရက်တွင် နိုင်ငံတော်သမ္မတရုံးမှ ဖွဲ့စည်းပေးခဲ့ကြောင်း၊   ဇန်နဝါရီ (၂၁)ရက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးစီးသော အဆိုပါကော်မတီအစည်းအဝေး ပထမအကြိမ် ကျင်းပခဲ့ကြောင်း၊ ကာကွယ်တားဆီးရေးကော်မတီတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ထပ်မံထည့်သွင်း ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ CTFMR (Country Task Force on Monitoring and Reporting) မှ နည်းပညာ ပိုင်းဆိုင်ရာအကူအညီပေးရန်ကမ်းလှမ်းမှုများရှိနေကြောင်း၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများကို တားဆီးကာကွယ်ရေးကော်မတီနှင့် လုပ်ငန်းကော်မတီတို့တွင် ထပ်မံထည့်နိုင်ရေး ဆွေးနွေးပေးကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။

           

မေလဆန်းတွင်သက်ဆိုင်ရာဌာနများမှ ကုလသမဂ္ဂဘက်မှ အဆိုပြုသည့် ကလေးသူငယ်များအား သေကြေထိခိုက်ဒဏ်ရာရစေခြင်းနှင့် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်း ဖက်ကျူးလွန်ခြင်းတို့အား အဆုံးသတ်ရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းစီမံချက်(၂)ရပ် မူကြမ်းတို့ အပေါ်လေ့လာတွေ့ရှိချက်များ ပြန်လည်တင်ပြကြရမည်ဖြစ်ပြီး၊ မေလအတွင်း ဒုတိယအကြိမ် အစည်းအဝေး ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)