ကြို့ပင်ကောက် ၂၄ ဧပြီ
ကြို့ပင်ကောက်မြို့တွင် စိုက်ပျိုးရေရရှိရေးဆည်မြောင်းများကို ကွန်ကရစ်မြောင်းအဖြစ် ဆောင်ရွက်ပေးရန်၊ စိုက်ပျိုးရေးမျိုးစေ့များကို အရည်အသွေးပြည်မီအောင် သက်ဆိုင်ရာဌာနများက ကြီးကြပ်စစ်ဆေးပေးရန်နှင့် အခြေပညာ အလယ်တန်းနှင့်အထက်တန်းအဆင့်တို့တွင် စိုက်ပျိုးရေးပညာကို ဘာသာရပ်တစ်ခုအဖြစ်ထည့်သွင်း သင်ကြားပေးနိုင်ရန်တို့အား လက်ပံပင်စုစိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြုလေ့လာမှုစခန်းတွင် ဧပြီလ ၂၃ ရက်က ကျင်းပသော စိုက်ပျိုးရေးဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော တောင်သူများက တညီတညွတ်တည်း မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများကို တောင်းဆိုလိုက်သည်။
အဆိုပါ စိုက်ပျိုးရေးဆိုင်ရာ ဆွေးနွေးပွဲကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ဌေးက ဦးဆောင်ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဌေးမင်းသိန်း၊ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးဆန်းဟိုနှင့် စက်မှုလယ်ယာဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မြို့နယ်လယ်ယာမြေ ဖွံ့ဖြိုးရေးဘဏ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး ကျေးရွာအုပ်စု (၁၂)အုပ်စုမှ အုပ်စုကိုယ်စားပြုတောင်သူ ၅၀ ဦးခန့် တက်ရောက်ကာ စိုက်ပျိုးရေးအတွက် ဆည်ရေရရှိရေး၊ မျိုးစေ့မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ တွေ့ကြုံရသော အခက်အခဲများကို တင်ပြဆွေးနွေး ညှိနှိုင်းခဲ့ကြရာ မြို့နယ်အဆင့်ဖြေရှင်း၍ရသောကိစ္စများကို သက်ဆိုင်ရာဌာနဆိုင်ရာများကဖြေရှင်း ဆောင်ရွက်ပေးပြီး ဖြေရှင်း၍မရသော ကိစ္စများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ လွှတ်တော်တွင်တင်ပြ ဆွေးနွေးအဖြေရှာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ စက်မှုလယ်ယာဧကကွက်ဖော်ဆောင်ပြီး ပထမဆုံးပေါင်းစည်းလယ်ယာစနစ်ဖြင့် စိုက်ပျိုးနိုင်ရန်အတွက် စစ်ကုန်း(၁)အုပ်စု ဂုံညှင်းတန်းကြီးကျေးရွာတွင် မတ်လ ၁၆ ရက်နေ့ကစတင် ဆောင်ရွက်နေသော တောင်သူ (၃၂)ဦး၏ လယ်ယာမြေဧကစုစုပေါင်း ၁၀၄ ဧက ပေါင်းစည်းလယ်ယာမြေအား မိုးစပါးအမီ စိုက်ပျိုးနိုင်ရန် ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)


