နေပြည်တော် ၂၆ မတ်

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းနှင့် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း ပဲခူးတိုင်းဒေသကြီး (အရှေ့၊ အနောက်)၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ ကျေးရွာစုစုပေါင်း ၁၆၃၀ ရွာအတွက် ဓာတ်အားလိုင်း၊ ထရန်စဖော်မာ တည်ဆောက်ရေးလုပ်ငန်း တင်ဒါအောင်မြင်သည့် ကုမ္ပဏီများဖြစ်သော Zeya & Associates Co.,Ltd၊ Now Engineering Co.,Ltd၊ Hitachi Soe Electric & Machinery Co.,Ltd ၊ Soe Moe Than Co.,Ltd ၊ JV of CNOOD Asia Limited &Danayazar Construction Co.,Ltd ၊ HT-LT Co.,Ltd နှင့် AungThaung Co.,Ltd စသည့် ကုမ္ပဏီ (၇) ခုတို့အကြား လုပ်ငန်းအပ်နှံသည့် စာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။        

 

1

 

ရှေးဦးစွာ ြပည်ထောင်စု၀န်ကြီး ဦး၀င်းခိုင်က အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းသည် ကျေးရွာနေပြည်သူများ လျှပ်စစ်ဓာတ်အား ရရှိရေးကို ဖော်ဆောင်ပေးမည့် စီမံကိန်းကြီးတစ်ခုဖြစ်ပြီး ကနဦးအနေဖြင့် ကမ္ဘာ့ဘဏ်မှ ချေးငွေ အမေရိကန်ဒေါ်လာသန်း ၃၁၀ ကို ရယူကာ NEP ပထမအဆင့်ကို တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတို့တွင် ဓာတ်အားစနစ်မှ၂ မိုင်အတွင်းရှိ ကျေးရွာ ၅၀၈၀ ရွာကို ဆောင်ရွက်လျက်ရှိကြောင်း၊ ပထမအဆင့် စီမံကိန်းပြီးစီးပါက ကျေးရွာပေါင်း ၅၀၈၀ ရွာရှိ အိမ်ထောင်စုပေါင်း ၆၂၆၇၅၇ စုခန့် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိနိုင်မည်ဖြစ်ပြီး Electrification Rate ၅ ဒသမ ၆ ရာခိုင်းနှုန်းခန့် တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ပထမအဆင့်ပါ ကျေးရွာများအတွက် တိုင်းဒေသ ကြီး/ပြည်နယ်များအလိုက် တည်ဆောက်ရေးတင်ဒါ (၁၂) ခုကို ခေါ်ယူခဲ့ကာ ယခုစာချုပ် ချုပ်ဆိုခြင်းသည် ဆဋ္ဌမ၊ သတ္တမ၊ အဋ္ဌမနှင့် နဝမမြောက် စာချုပ်များအား တစ်ပြိုင်တည်း ချုပ်ဆိုခြင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးတွင် ၈၀၁ ရွာ၊ ကရင်ပြည် နယ်တွင် ၁၉ ရွာ၊ မွန်ပြည်နယ်တွင် ရွာ ၅၀၊  ဧရာဝတီတိုင်းဒေသကြီးတွင် ၆၁၂ ရွာ၊ မန္တလေးတိုင်းဒေသကြီးတွင် ၁၄၈ ရွာ စုစုပေါင်း ကျေးရွာ ၁၆၃၀ ရွာအတွက် မီးလင်းနိုင်မည့် အိမ်ထောင်စု အရေအတွက်စုစုပေါင်းမှာ ၁၈၃၄၂၈ စုဖြစ်ပါကြောင်း၊ အဆိုပါချေးငွေဖြင့် ဒုတိယအဆင့် မဟာဓာတ်အားလိုင်းမှ ၅ မိုင်အတွင်းကျေးရွာများ ဓာတ်အားရရှိရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ဒုတိယအဆင့်ပါ စီမံကိန်းများအား ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ လကုန်တွင် ပြီးစီးအောင် ဆောင်ရွက်သွားရန် စီစဉ်ထားပါကြောင်း၊ ယင်းချေး ငွေဖြင့် ပထမအဆင့် ၂ မိုင်အတွင်းကျေးရွာ ၅၀၈၀ ရွာနှင့် ဒုတိယအဆင့် ၅ မိုင်အတွင်း ကျေးရွာ ၄၀၀၀ ရွာ ဆောင်ရွက်ပြီးစီးပါက စုစုပေါင်း ၉၀၈၀ ရွာရှိ အိမ်ထောင်စုပေါင်း ၁၀၃၂၄၁၁ စုခန့် လျှပ်စစ်ဓာတ်အား ရရှိလာမည်ဖြစ်ပြီး ယခုတင်ဒါအောင်မြင်သည့် ကုမ္ပဏီများအနေဖြင့် မြေပြင်ကွင်းဆင်းလေ့လာမှုများ အသေးစိတ် ဆောင်ရွက်ပြီး လုပ်ငန်းများအမြန်စတင် ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ စာချုပ်ပါစည်းမျဉ်းစည်းကမ်းများအတိုင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ သတ်မှတ်ချိန်အတိုင်း ပြီးစီးနိုင်ရေး၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရေးနှင့် အရည်အသွေး ကောင်းမွန်စေရေး အလေးထား ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 

2

 

ထို့နောက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်က စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ တည်ဆောက်ရေးတင်ဒါ (၆) ခုအတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်နှင့် ကုမ္ပဏီ (၆) ခု၏ တာဝန်ရှိသူများမှ လည်းကောင်း၊ မန္တလေး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏ တည်ဆောက်ရေးတင်ဒါ (၁) ခုအတွက် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ခေတ္တအမှုဆောင်အရာရှိချုပ် ဦးစိုးမင်းထွန်းနှင့် ကုမ္ပဏီ (၁) ခု၏ တာဝန်ရှိသူမှလည်းကောင်း လက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်ခဲ့ကြကြောင်း သတင်းရရှိသည်။  

 

(သတင်းစဉ်)