မိုးညှင်း ၂၆ ဧပြီ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်စာအမှတ်(၁၅/၂၀၁၉)အရ လွတ်ငြိမ်းသက်သာခွင့်ပြုခြင်းအခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီတွင် အကျဉ်းဦးစီးဌာန၊ မိုးညှင်းအကျဉ်းထောင်စုပေါင်းခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မိုးညှင်းအကျဉ်းထောင်တာဝန်ခံက နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ်(၁၅/၂၀၁၉)အား ဖတ်ကြားပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့က ဆုံးမဩဝါဒစကားများ ပြောကြားခဲ့ကြကာ လွတ်ငြိမ်းသက်သာခွင့် ရရှိသူများအား စားစရိတ်နှင့် ခရီးစရိတ်ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယနေ့ လွတ်ငြိမ်းသက်သာခွင့်ဖြင့် မိုးညှင်းအကျဉ်းထောင်မှ အကျဉ်းသား ၁၂၂၀ဦး၊ အကျဉ်းသူ ၁၀၄ဦး စုစုပေါင်း ၁၃၂၄ ဦးတို့အား မိုးညှင်းအကျဉ်းဦးစီးဌာန၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ဘူတာကြီးနှင့် ကာဂိတ်များသို့ ပို့ဆောင်ပေးခဲ့ကြသည်။
မိုးညှင်းအကျဉ်းထောင်အနေဖြင့် ယခုလ (၁၇)ရက်နေ့ကလည်း နိုင်ငံတော်သမ္မတရုံး၏ အမိန့်စာအမှတ်(၁၃/၂၀၁၉)အရ လွတ်ငြိမ်းသက်သာခွင့်ဖြင့် အကျဉ်းသူ၊ အကျဉ်းသား ၅၁၈ဦးကိုလည်း လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ကြောင်း သိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)


