နေပြည်တော် ၂၆ ဧပြီ
လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC)ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် Westminster Foundation for Democracy (WFD) မှ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် ဒေါ်စောသီရိရူပ အားယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် Westminster Foundation for Democracy (WFD)နှင့် လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC)တို့အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေးနှင့် MOU ဆက်လက်ရေးထိုးသွားနိုင်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ WFD မှ လွှတ်တော်ဖွံ့ဖြိုးရေးအတွက် အကူအညီပေးခဲ့သည့် (၃)နှစ်တာ အကောင်အထည်ဖော်မှုရလဒ်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများ၏ နည်းပညာနှင့် လွှတ်တော်ဆိုင်ရာလုပ်ငန်းကျွမ်းကျင်မှုသင်တန်းများ ပိုမိုထိရောက်စေရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့ဝင်များဖြစ်ကြသည့် ဦးတင်အောင်ချို၊ ဒေါ်အေးအေးမူနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)


