တိုကျို ဒီဇင်ဘာ ၂၆
လွှတ်တင်မှု မအောင်မြင်ဖြစ်ပြီးနောက် အဋ္ဌမမြောက် အိတ်ချ် ၃ ဒုံးပျံ၏ ဒုတိယအဆင့်နှင့် ၎င်း တင်ဆောင်လာသော ဂြိုဟ်တုသည် လေးနာရီခန့်အတွင်း ကမ္ဘာ့လေထုအတွင်းသို့ ပြန်လည် ဝင်ရောက်လာဖွယ်ရှိကြောင်း ဂျပန်အာကာသ စူးစမ်းလေ့လာရေး အေဂျင်စီ (JAXA) က ပြောသည်။
အဆိုပါဒုံးပျံသည် ကမ္ဘာလုံးဆိုင်ရာ တည်နေရာပြစနစ်အတွက် ဂျပန်ဗားရှင်း Michibiki No.5 ဂြိုဟ်တုကို သယ်ဆောင်လာခဲ့သည်။ ၎င်းကို ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကာဂိုရှီမာစီရင်စုရှိ တာနီဂါရှီမာ အာကာသစခန်းမှ ဒီဇင်ဘာ ၂၂ ရက်တွင် လွှတ်တင်ခဲ့သည်။ ဂြိုဟ်တုကို စီစဉ်ထားသော ပတ်လမ်းအတွင်းသို့ မထည့်သွင်းနိုင်ခဲ့ခြင်းကြောင့် လွှတ်တင်မှုမအောင်မြင်ခဲ့ပေ။
ဒီဇင်ဘာ ၂၅ ရက်က ပြုလုပ်သော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ ကျွမ်းကျင်သူအဖွဲ့အစည်း အဝေးတွင် JAXA တာဝန်ရှိသူများက ၎င်းတို့၏ ပျံသန်းမှုဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုရလဒ်များနှင့် ဒုံးပျံ မှပေးပို့သော အခြားအချက်အလက်များကို အစီရင်ခံတင်ပြခဲ့သည်။
ဒုံးပျံနှင့် ဂြိုဟ်တုအများစုသည် မီးလောင်သွားသည်ဟု ယူဆရပြီး တချို့အစိတ်အပိုင်းများ မီးလောင်မှုမရှိဘဲ ပင်လယ်ထဲသို့ ပြုတ်ကျသွားနိုင်သည်ဟုဆိုသည်။ ယခုအချိန်အထိပြုတ်ကျသည့် အရာဝတ္ထုများ ပျက်စီးဆုံးရှုံး မှုနှင့်စပ်လျဉ်း၍ အတည်မပြုနိုင်သေးပေ။
အင်န်အိတ်ချ်ကေ


