နေပြည်တော် အောက်တိုဘာ ၁၆
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေများကို ထိရောက်အကျိုးရှိစွာ စီမံခန့်ခွဲဆောင်ရွက်နိုင်ရန်အတွက် အစိုးရဌာန၊ အဖွဲ့အစည်းများ၏ ဘဏ္ဍာရေးစာရင်း၊ လိုက်နာဆောင်ရွက်မှုနှင့် လုပ်ငန်းဆောင်ရွက်မှုတို့ကို စစ်ဆေးရာတွင် စစ်ဆေးရေးစီမံချက်နှင့်အညီ စစ်ဆေး၍ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာများ အချိန်မီထုတ်ပြန်နိုင်ရေး စီမံဆောင်ရွက်ရန် လိုအပ်ပါကြောင်း ယနေ့နံနက်ပိုင်းက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့်ကျင်းပသည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးရေးလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက ပြောကြားသည်။
ဆက်လက်၍ IT Audit တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက်လည်း လိုအပ်သည်များကို ကြိုတင်ပြင်ဆင် ထားရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းစွမ်းဆောင်ရည် မြင့်မားရေးအတွက် လေ့ကျင့်သင်ကြားရေး အစီအစဉ်များတွင် ရုံးချုပ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ လက်တွေ့နှင့် ပေါင်းစပ်သင်ကြားပေးခြင်းတို့ကို ဆောင်ရွက်ကြရန်လည်း လိုအပ်ပါကြောင်း၊ အရည်အသွေး ပြည့်ဝသည့် အစီရင်ခံစာများ အချိန်မီထုတ်ပြန်ရန်၊ အရေးကြီးစစ်ဆေး တွေ့ရှိချက်များ၊ ချက်ချင်းအရေးယူ ဆောင်ရွက်ရန်များကို အချိန်နှင့်တစ်ပြေးညီ တင်ပြရန်၊ သတင်းအချက်အလက် လုံခြုံမှုရှိစေရေး ဂရုပြုကြရန်၊ ကျင့်ဝတ်သိက္ခာလိုက်နာပြီး နိုင်ငံ့အကျိုး သယ်ပိုးဆောင်ရွက်သွားကြရန် ပြောကြားသည်။
ဆွေးနွေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ နေပြည်တော်စာရင်းစစ်ရုံး၊ မြန်မာနိုင်ငံစာရင်းကောင်စီရုံး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးများမှ ညွှန်ကြားရေးမှူးများက စစ်ဆေးခြင်းဆိုင်ရာ ဝန်ထမ်းရေးရာ စီမံခန့်ခွဲခြင်းနှင့် လေ့ကျင့်သင်ကြားခြင်းဆိုင်ရာများ၊ တွေ့ကြုံရသည့်အခက်အခဲ၊ ဖြေရှင်းဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများကို ဆွေးနွေးတင်ပြကြသည်။
ညှိနှိုင်းဆွေးနွေးပွဲသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ပြည်နယ်/တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး(၁၃)ရုံး၊ နေပြည်တော်စာရင်းစစ်ရုံးနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံးတို့မှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများက နဝရတ်ခန်းမ၌လည်းကောင်း၊ ချင်းပြည်နယ် စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူးက Online ဖြင့်လည်းကောင်း တက်ရောက်ကြသည်။ အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲကို အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းတွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


