နေပြည်တော် ၉ မေ

စီးပွားရေးလုပ်ငန်းရှင်များ ကျား၊ မ တန်းတူညီမျှရေး ပူးပေါင်းဆောင်ရွက်မှုအသင်း (Business Coalition Gender Equality Association -BCGEA) ၏ လုပ်ငန်းခွင်အတွင်း ကျား၊ မ တန်းတူညီမျှရှိရေး CEO Challenge နှင့် ကျား၊ မ တန်းတူညီမျှရေးလုပ်ဆောင်မှုအတွက် ရရှိမည့် စီးပွားရေးအကျိုးအမြတ်များဆိုင်ရာ ကမ္ဘာ့ထိပ်တန်းအသိအမှတ်ပြု စံလက်မှတ်ချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ Wyndaham Grand Yangon Hotel ၌ ကျင်းပရာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာ ဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် မိမိတို့ဝန်ကြီးဌာနသည် တာဝန်ရှိသော ဝန်ကြီးဌာနဖြစ်သည်နှင့်အညီ နိုင်ငံတကာ ကတိကဝတ်များနှင့်ပတ်သက်၍ အစီရင်ခံစာ တင်ပြခြင်းနှင့်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျား/မ တန်းတူညီမျှရေးသည် ဒီမိုကရေစီနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးတို့ ဆောင်ရွက်ရာတွင် အရေးကြီးသည့် အညွှန်းကိန်းတစ်ခုဖြစ်ပြီး နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံစံနှုန်းတစ်ခုလည်း ဖြစ်ပါကြောင်း၊ အမျိုးသမီးများတန်းတူညီမျှ အပြည့်အဝ ပါဝင်ခွင့်ရရှိပြီး ကျား၊ မ တန်းတူညီ မျှမှုရှိပါက မိသားစု၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံတစ်ခုလုံး၏ စီးပွားရေးတိုးတက်လာသည်ကို ကမ္ဘာလုံးဆိုင်ရာ လေ့လာမှုများအရ တွေ့ရှိနိုင်ပါကြောင်း။

မြန်မာနိုင်ငံအစိုးရသည် အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း CEDAW ၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်ပါ ရည်မှန်းချက်များ- SDGs ၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း- MSDP ပါ လုပ်ငန်းစဉ်များကို တာဝန်ယူဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ ဦးဆောင်မှုဖြင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာ ဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂)ကို ဘေဂျင်း လုပ်ငန်းစီမံချက်အပေါ် အခြေခံ၍ ဦးစားပေး လုပ်ငန်းနယ်ပယ် (၁၂)ရပ်ဖြင့် ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ လုပ်ငန်းဧရိယာ (၁၂)ရပ်တွင် အမျိုးသမီးများနှင့် စီးပွားရေးလုပ်ငန်း နယ်ပယ်ပါဝင်ပါကြောင်း။

မဟာဗျူဟာစီမံကိန်း၏ ကျန်ရှိသည့် ကာလများအတွက် လုပ်ငန်းနယ်ပယ် (၁၂)ရပ်ကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါကြောင်း၊ အမျိုးသမီးများ နိုင်ငံရေးနှင့် စီးပွားရေးကဏ္ဍများတွင် ပါဝင်ဆောင်ရွက်ရေး နည်းပညာလုပ်ငန်းအဖွဲ့၊ ကျား၊ မ ရေးရာ အမြင်ထည့်သွင်းစဉ်းစားခြင်း နည်းပညာလုပ်ငန်းအဖွဲ့၊ အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ နည်းပညာလုပ်ငန်းအဖွဲ့တို့ကို ဖွဲ့စည်းထားပြီးဖြစ်ရာ စီးပွားရေးလုပ်ငန်းရှင်များ ကျား/မ တန်းတူညီမျှရေး ပူးပေါင်းဆောင်ရွက်မှုအသင်း (BCGEA) က ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီး Ms. Andrea Faulkner က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ဆက်လက်၍ စီးပွားရေးလုပ်ငန်းရှင်များ ကျား၊ မ တန်းတူညီမျှရေး ပူးပေါင်းဆောင်ရွက်မှုအသင်း (BCGEA)၏ ဥက္ကဋ္ဌ ဒေါ်ဇာခြည်တင်က အသင်း၏ သမိုင်းမှတ်တိုင်များ၊ မြော်မြင်ချက်၊ လုပ်ဆောင်မည့်တာဝန်၊ ရည်မှန်းချက်ပန်းတိုင်များ၊ ဒေသတွင်းစီမံကိန်းများကို အကောင်အထည်ဖော် လုပ်ကိုင်ဆောင်ရွက်ခြင်းတို့ကို လည်းကောင်း၊ Yoma Group of Companies, Executive Chair Mr. Serge Pun က လုပ်ငန်းခွင်တွင် ကျား၊ မ တန်းတူညီမျှစွာရှိခြင်းဖြင့် လုပ်ငန်း၏ စွမ်းဆောင်ရည် တိုးတက်စေနိုင်သကဲ့သို့ အခြားအကျိုး ကျေးဇူးများ ရရှိနိုင်ခြင်းတို့ကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လုပ်ငန်းခွင်အတွင်း ကျား၊ မ တန်းတူညီမျှရှိရေး CEO Challenge အမြင်ချင်း ဖလှယ်ဆွေးနွေးပွဲကို ပြုလုပ်ရာ Moderator အဖြစ်Thant Sin Metta (သန့်စင်မေတ္တာ)နှင့် Water Mothers Myanmar Organizations တို့၏ နာယက ဒေါက်တာ ရွှေလွှမ်းကလည်ကောင်း၊ Panelist များအဖြစ် City Mart Holding Co., Ltd မှ Chief Executive Officer ဒေါ်ဝင်းဝင်းသန့်၊ ShweTaung Real Estate မှ Chief Executive Officer ဒေါ်စန္ဒာထွန်း၊ AYA Bank မှ Managing Director ဦးမြင့်ဇော်၊ Economic Dividends for Gender Equality- EDEG မှ Co- Founder, Ms. Aniela Unguresan နှင့် Parami Energy Group မှ Chief Executive Officer ဦးကံထွန်းတို့က ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ကမ္ဘာထိပ်တန်း ကျား၊ မ တန်းတူညီမျှရေး အသိအမှတ်ပြုစံလက်မှတ် (EDGE Certification) ကို Parami Energy, FMI, AYA Bank, IKBZ နှင့် KBZ Bank တို့မှ တာဝန်ရှိသူများအား ပေးအပ်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)