ရန်ကုန် ၈ မတ် 
    

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ လူ့အခွင့်အရေး အသိပညာများ ပြည်သူအတွင်း ပြန့်ပွားစေရန်ရည်ရွယ်ပြီး ဖေဖော်ဝါရီ ၈ ရက်မှ မတ် ၈ ရက်အထိ ဖွင့်လှစ်ခဲ့သည့် လူ့အခွင့်အရေး အခြေခံသင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရုံးတည်ရှိရာ အမှတ်(၂၇)၊ ပြည်လမ်း၊ လှိုင်မြို့နယ် ရန်ကုန်မြို့၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။
    

သင်တန်းဆင်းပွဲတွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က လူ့အခွင့်အရေးသည် လူသားအားလုံးနှင့် သက်ဆိုင်သည့်အခွင့် အရေးတစ်ခုဖြစ်သော်လည်း လူ့အခွင့်အရေးကို လွှမ်းမိုးတတ်သည့် အရာများလည်း ရှိပါကြောင်း၊ ဥပမာ အမျိုးသား အကျိုးစီးပွား ဘာသာရေး၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ ပဋိပက္ခများ စသည်တို့ဖြစ်ကြောင်း၊ လူ့ဂုဏ်သိက္ခာသည်လည်း အရေးကြီးပါကြောင်း၊ လူအချင်းချင်း လူ့ဂုဏ်သိက္ခာများ အပြန်အလှန် လေးစားခြင်းသည် လူ့အခွင့်အရေးတွင် မရှိမဖြစ် လိုအပ်ပါကြောင်းဖြင့် ပြောကြားသည်။ 
    

ယင်းနောက် မေးခွန်းများ မေးမြန်းခြင်းအပိုင်းတွင် ကလေးလူငယ်လက်ထပ် ထိမ်းမြားခြင်းကို အသက်(၁၈)နှစ်ဟု သတ်မှတ်မည်ဟု ထားရှိသော်လည်း အချို့နယ်မြေများတွင် အသက်(၁၈)နှစ်အောက်များ ၎င်းတို့ ဓလေ့ထုံးတမ်းအညီ လက်ထက်ထားသည်များ ရှိနေသည့်အတွက် ၎င်းအပေါ် လူ့အခွင့်အရေးအမြင် ရှုထောင့်မှ ဖြေကြားပေးစေလိုပါကြောင်း၊ မေးမြန်းရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌမှ ကလေးသူငယ်အခွင့်အရေးဟု ဆိုလိုက်လျှင် ကလေးသူငယ်၏ အကောင်းဆုံး အကျိုးစီးပွားကိုသာ ကြည့်ရှုရမည်ဟု ဆိုထားသလို မြန်မာနိုင်ငံ ကလေးသူငယ် ဥပဒေတွင်လည်း ကလေးသူငယ်၏ အကျိုးကိုသာ ကြည့်ရှုရမည်ဟု ဆိုထားသည့်အတွက် ကလေးသူငယ်ကိုသာ အဓိကထားစဉ်းစားရမည် ဖြစ်ပါကြောင်း၊ ယခုကိစ္စမှာလည်း တစ်ဖြည်းဖြည်းနှင့် ချင့်ချိန်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ဖြေကြားသည်။ ယင်းနောက် သင်တန်းသားများကိုယ်စား သင်တန်းသား တစ်ဦးဖြစ်သူ ဦးကုမာရမှ ကျေးဇူးတင်စကား ပြောကြားသည်။ 
    

ထို့နောက် သင်တန်းဆင်းလက်မှတ်များအား ကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင် အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံး ခေတ္တညွှန်ကြားရေးမှူးချုပ်တို့မှ ပေးအပ်ခဲ့ကြသည်။ 


အဆိုပါသင်တန်းသို့ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ သင်တန်းသားများ တက်ရောက်ကြပြီး လူ့အခွင့်အရေးနှင့် သက်ဆိုင်သည့် ဘာသာရပ်(၁၈)ခု သင်ကြားပို့ချခဲ့ကြောင်း သိရသည်။


(သတင်းစဉ်)