နေပြည်တော် နိုဝင်ဘာ ၁၁
မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် “လူငယ်နှင့် ကိုယ်ရည်ကိုယ်သွေးစကားဝိုင်း”ကို ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများ၊ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ကျောင်းသား ကျောင်းသူများက “ဇာတိမာန်” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကျောင်းသား ကျောင်းသူများအနေဖြင့် စာဖတ်ခြင်းအလေ့အထ ပျိုးထောင်ရန်၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိရန်၊ သုတ၊ ရသစာပေများကို ဖတ်ရှုလေ့လာရန် တိုက်တွန်းလိုကြောင်း အမှာစကားပြောကြား၍ အလှူငွေနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။
ထို့နောက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက အမှာစကားပြောကြားပြီး အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ကျင်းပသည့် ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)ဝင်ခွင့်ရ ကျောင်းသား ကျောင်းသူ များအား ချီးမြှင့်ငွေပေးအပ်ပွဲအခမ်းအနား၌ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကား ပြောကြားပြီး ဝင်ခွင့်ရကျောင်းသား ကျောင်းသူ ၁၄ ဦးအတွက် ချီးမြှင့်ငွေများကို ပေးအပ်၍ ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)


