ညောင်ရွှေ  ၁  မေ

 

လူရည်ချွန် အပန်းဖြေစခန်း (အင်းလေး-ခေါင်တိုင်) ဖွင့်ပွဲကို ယနေ့ နံနက် ၇ နာရီခွဲက ညောင်ရွှေမြို့နယ် အင်းလေးဒေသ ခေါင်တိုင်ကျေးရွာရှိ အပန်းဖြေစခန်းတွင် ကျင်းပခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

1

 

လူရည်ချွန် အပန်းဖြေစခန်း (အင်းလေး-ခေါင်တိုင်) ဖွင့်ပွဲကို ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းနှင့် အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းမှူး ဦးဝင်းမောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

 

1

 

အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်တို့က အပန်းဖြေစခန်း ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

 

1

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဘက်စုံပညာထူးချွန် ကျောင်းသား၊ ကျောင်းသူများကို ရင်ထိုးတံဆိပ်များ တပ်ဆင်ပေးကာ ဧည့်သည်တော်များအား လူရည်ချွန်စခန်း ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။ ဆက်လက်၍ ၁၉၆၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ လူရည်ချွန်ဟောင်းများကလည်း လက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ပြီး ခင်းကျင်းပြသထားသည့် ဌာနဆိုင်ရာ ပြခန်းများကို ကြည့်ရှုခဲ့ကြသည်။

 

1

 

အဆိုပါ လူရည်ချွန် အပန်းဖြေစခန်းများကို ဉာဏ်ပညာထူးချွန်ပြီး ကျန်းမာသန်စွမ်း၍ စာရိတ္တကောင်းမွန်သည့် နိုင်ငံသားကောင်းများ ပေါ်ထွန်းလာစေရန်၊ ပညာရေး လက်တွေ့ဖွံ့ဖြိုးမှု လုပ်ငန်းများတွင် ပိုမိုစိတ်ပါဝင်စားလာပြီး နိုင်ငံအကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်နိုင်စေရန်၊ မှန်ကန်သော အကျိုးပြုယှဉ်ပြိုင်မှုဖြင့် ဘက်စုံပညာ အရည်အသွေးများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အများနှင့် စုပေါင်းနေထိုင်တတ်သော အလေ့အကျင့်ကောင်းများ ဖြစ်ထွန်းလာစေရန်နှင့် ဒေသန္တရဗဟုသုတများ ရရှိလာစေရန်၊ ကျောင်းသား ကျောင်းသူများ၏ စံနမူနာပြလူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

 

MDN

 

1

 

1

 

1

 

1