မကွေး  ၄   မေ 

 

တောင်သူများအနေဖြင့် ၎င်းတို့၏ ခိုင်းကျွဲ၊ ခိုင်းနွားများကို  သယ်ဆောင်ရောင်းဝယ်ရာတွင် သတ်မှတ်ထောက် ခံချက်များ မပြနိုင်ပါက ရဲအရေးပိုင်သော အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေဖြင့် ဖမ်းဆီးအရေးယူခံရခြင်းများရှိနေသည့်အတွက် အရေးကြီးကုန်စည်တွင် လယ်ယာသုံး ကျွဲ၊ နွားများပါဝင်နေခြင်းကို ပယ်ဖျက်နိုင်ရန် ကြိုးစားနေကြောင်း မကွေးတိုင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါက်တာမောင်မောင်စိုးဦး ထံမှ သိရသည်။

 

“ ပယ်ဖျက်ဖို့လုပ်နေတယ်။ ရှေ့နေချုပ်ရုံးကိုတော့ တင်ထားတယ်။ မလိုအပ်လို့ရှိရင် ဌာနတစ်ခုခုက တာဝန်ယူပြီး ပယ်ဖျက်လို့ရပါတယ်။ ဒီဥပဒေအရပဲ တောင်သူတွေက ဒုက္ခရောက်နေရတာ။ တောင်သူဆိုတာကတော့ ဆင်းရဲကြတော့ ဈေးကောင်းရရင် အကောင်ကြီးတွေဆို ရောင်းလိုက်မှာပဲ။ နောက်ပြီး နွားငယ်တာပြန်ဝယ်ကြတယ်။ နွားပေါင်လှီးတယ်လို့ ခေါ်ကြတာပေါ့။ အဲဒီမှာ ပြန်ဝယ်တဲ့အချိန် ပြဿနာတက်တော့တာပဲ။ တစ်နေရာကသယ်လည်းလာရော ဟိုကဖမ်း၊ ဒီကဖမ်းနဲ့။ သတင်း ပေးတဲ့ သူကပေးနဲ့။ တောင်သူတွေ ထောင်တွေကျကုန်ရော ” ဟု တိုင်းဦးစီးမှူးက တောင်သူများ၏ဘဝကိုစာနာစွာ ထောက်ပြပြောဆိုခဲ့သည်။

 

ကျွဲနွားများကို နိုင်ငံခြားပို့ဆောင်သည့်လုပ်ငန်းတွင် ကုမ္ပဏီများတရားဝင်ထူထောင်ပြီး လုပ်ဆောင်ရသည့် လုပ်ငန်းစဉ်များရှိပြီး ထောက်ခံချက် အဆင့်ဆင့်ဖြင့်သွားရသောကြောင့် သယ်ဆောင်သူများအနေဖြင့် အဆင်ပြေကြောင်း၊ ဒေသခံ တောင်သူများ တိုင်းအတွင်းသယ်ဆောင်ရောင်းဝယ်မှုပြုရာတွင် ထောက်ခံချက်(၃)မျိုးပါရှိပါက ခရိုင်နယ်နမိတ်များကိုကျော်၍ ကျွဲနွားများသယ်ဆောင်ခွင့်ပြုထားပြီး ခရိုင်အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်မလိုဟု မကွေးတိုင်းအစိုးရအဖွဲ့က ညွှန်ကြားထားကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

 

“ လောလောဆယ်ကတော့ ကျွဲနွားတွေ တိုင်းတွင်းသယ်ရင် ကျေးရွာအုပ်ချုပ်ရေးကနေပြီး အမှန်တကယ် လယ်ယာသုံးဖို့ဖြစ်တဲ့အကြောင်း ထောက်ခံချက်ပါရတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုချက်ယူရမယ်။ ကူးစက်မြန်ရောဂါတွေ တစ်ခြားမြို့ရွာကို ရောက်မသွားဖို့ မွေးကုရဲ့ကျန်းမာကြောင်းစစ်ဆေးထောက်ခံချက်ပါရတယ်။ ဒါဆိုရင် သယ်လို့ရပြီ။ တစ်ဘက်မှာကလည်း တောင်သူတွေက ရုံးပြင်ကနား သိပ်မသွားကြဘူး။ သွားရမှာကြောက်ကြတယ်။ အဲတော့ ပိုက်ဆံတောင်းတဲ့သူ တွေကို ပိုက်ဆံပေးပြီး သွားကြတယ်။ အဲဒီလူတွေကပဲ ဒုက္ခပြန်ပေးကြတာရှိတယ် ” ဟု တိုင်းဦးစီးမှူးက ရှင်းပြသည်။

 

တောင်သူများအနေဖြင့် ၎င်းတို့၏ လယ်ယာသုံး ခိုင်းကျွဲ၊ခိုင်းနွားများကို လွတ်လပ်စွာသယ်ဆောင်ရောင်းဝယ်ခွင့် ရှိစေရန်နှင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေဖြင့် အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ရရန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန(ရုံးချုပ်)အနေဖြင့် ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ဒေါက်တာမောင်မောင်စိုးဦးထံမှ သိရသည်။

 

ဇေယျတု(မကွေး)