ပြုံယမ်း ဇူလိုင် ၁၃
မြောက်ကိုရီးယားနှင့် ရုရှား နှစ်နိုင်ငံဆက်ဆံရေးကို ရေရှည်တည်တံ့သည့် မဟာဗျူဟာမြောက် ဆက်ဆံရေးအဖြစ် မြှင့်တင်သွားရေးနှင့် အပြန်အလှန် ပံ့ပိုးကူညီရေးအတွက် နှစ်နိုင်ငံတာဝန်ရှိသူ များအကြား ဇူလိုင် ၁၂ ရက်က ကတိကဝတ်ပြုခဲ့ကြကြောင်း သိရသည်။
မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟူနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗရော့ဒ် တို့အကြား ဒုတိယအကြိမ် မဟာဗျူဟာဆွေးနွေးပွဲကို မြောက်ကိုရီးယားနိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်းမြို့ဖြစ်သည့် ဝုန်ဆန်မြို့တွင် ကျင်းပစဉ်အတွင်း ယခုကဲ့သို့ ကတိကဝတ်ပြုခဲ့ကြခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများ၏ သတင်းထုတ်ပြန်ချက်ကို ကိုးကား၍ ကိုရီးယား ဗဟိုသတင်း အေဂျင်စီက ဇူလိုင် ၁၃ ရက်တွင် ထုတ်ပြန်သည်။ နိုင်ငံခြားရေးဝန်ကြီးများသည် မြောက်ကိုရီးယား-ရုရှားဆက်ဆံရေးမြှင့်တင်ရန်အတွက် လက်တွေ့ကျသည့် ဆောင်ရွက်ချက်များကို ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။ ဆွေးနွေးမှုများအတွင်း နှစ်နိုင်ငံအကြား ပြီးပြည့်စုံသည့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင် ရွက်ရေးစာချုပ်ပါပြဋ္ဌာန်းချက်များကို အပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက် ရန်နှင့် နှစ်နိုင်ငံ ဆက်ဆံရေးကို ရေရှည်တည်တံ့သည့်မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ပုံစံသို့ မြှင့်တင်ရေးအတွက် နှစ်နိုင်ငံတာဝန်ရှိသူများအကြား ကတိကဝတ်ပြုခဲ့ကြသည်။
နှစ်နိုင်ငံအကြား သက်ဆိုင်ရာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ ပိုင်နက်နယ်မြေပိုင်ဆိုင်မှုနှင့် နိုင်ငံ တကာရေးရာကဏ္ဍတွင် တရားမျှတမှုရှိရေးတို့ကို ကာကွယ်ထိန်းသိမ်းရန်အတွက် မဟာဗျူဟာ မြောက် ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန် သဘောတူညီခဲ့ကြသည်။
နိုင်ငံတော်လုံခြုံရေးနှင့် အချုပ်အခြာအာဏာကာကွယ်စောင့်ရှောက်ရေးအတွက် မြောက်ကိုရီးယား နိုင်ငံ၏ ဆောင်ရွက်ချက်များကို ထောက်ခံကြောင်း ရုရှားကပြောကြားသည်။
လက်ရှိတွင် ကမ္ဘာ့အခြေအနေများရှုပ်ထွေးနေခြင်းအပေါ် နားလည်သဘောပေါက်ပြီး နှစ်နိုင်ငံစလုံး ၏ ရပ်တည်မှုများမှာ တစ်ထပ်တည်းကျကြောင်းနှင့် မိမိတို့နှစ်နိုင်ငံအပေါ် ရန်လိုသည့် သဘောထား ရှိသည့် နိုင်ငံများကို နှစ်နိုင်ငံပူးပေါင်း၍ ရင်ဆိုင်မည်ဖြစ်ကာ မဟာဗျူဟာမြောက်ဆက်ဆံရေးကို မြှင့်တင်မည်ဟု နိုင်ငံခြားရေးဝန်ကြီးများက ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ


