မော်လိုက်  ၈ မတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၊ မော်လိုက်ကလေးကျေးရွာတွင် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးရုံး၊ မုံရွာမြို့၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဒေသ(၆)မှ တာဝန်ယူ၍ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း သံကူကွန်ကရစ် မြေထိန်းနံရံအခြေပြု ကွန်ကရစ်ပြားတမံနှင့် မျောကရစ်ကွက်လုပ်ငန်းများကို ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်နေမှုတို့အား မော်လိုက်ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးနှင့် တာဝန်ရှိသူများသည် မတ် ၈ ရက် မွန်းလွဲ ၂ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ မော်လိုက်ကလေးကျေးရွာ၊ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းကို တိုင်းဒေသကြီး ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေ ကျပ်သန်း(၇၀ဝ)ဖြင့် အရှည်ပေ(၂၄၀ဝ)ရှိ သံကူကွန်ကရစ် မြေထိန်းနံရံအခြေပြု ကွန်ကရစ်ပြားတမံနှင့် အရှည်ပေ(၅၈၀)ရှိ မျောကရစ်ကွက်လုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်သည်။

“ကျွန်တော်တို့ မော်လိုက်ကလေးကျေးရွာမှာ ယခင်နှစ်များက ကမ်းပြိုခြင်းကြောင့် နေအိမ်(၂)လုံး ပြောင်းရွှေ့ခဲ့ရပြီး ကျေးရွာပြည်သူတွေ အားထားလုပ်ကိုင်နေကြသည့် စိုက်ခင်းမြေများလည်း ပျက်စီးဆုံးရှုံးခဲ့တယ်။ ယခုလို ကမ်းပြိုကာကွယ်ရေးအတွက် မြေထိန်းနံရံတွေ ဆောက်လုပ်ပေးတဲ့အတွက် မော်လိုက်ကလေးကျေးရွာအတွက် အလွန်မှ အထောက်ကူပြုပါတယ်” ဟု ကျေးရွာပြည်သူတစ်ဦးထံမှ သိရသည်။

မော်လိုက်သားလေး