တောင်ကုတ် ၅ မေ
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် မေ ၄ ရက် နံနက်ပိုင်းက သံတွဲမြို့နယ်၊ ကွေ့ချောင်းကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် သံတွဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သန်းက ဒေသ ဖွံ့ဖြိုးရေးဆောင်ရွက်နေမှုများကို အသေးစိတ်ရှင်းလင်းပြောကြားပြီး၊ ဒေသခံ ပြည်သူ များ လိုအပ်သည့်ဖွံ့ဖြိုးရေးစီမံကိန်းများကို ဆွေးနွေးတင်ပြကြရာ ဌာနဆိုင်ရာ တာဝန်ရှိ သူများက ကဏ္ဍအလိုက် ရေတို နှင့် ရေရှည်ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေ အနေများကို ပေါင်းစပ်ညှိနှိုင်းစီစဉ်ပေးကြသည်။
ထို့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က လတ်တလောလိုအပ်သည့် ကွေ့ချောင်း ဆည်အတွက် ငွေကျပ်သိန်း ၅၀ နှင့် ကျေးရွာစာကြည့်တိုက်အတွက် ငွေကျပ် ၁၀ သိန်း တို့အား ကျေးရွာတာဝန်ရှိသူများထံ ပေးအပ်သည်။
ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ဂျပန်နိုင်ငံအစိုးရ၏ ထောက်ပံ့ကူညီမှု ဖြင့် ရခိုင်ပြည်နယ်အစိုးရနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP-Myanmar)တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့်အကျယ်ပေ(၂၀)၊ အရှည်သုံးမိုင်ခွဲ ကျော် ရှည်လျားသည့် တောင်ကုတ်မြို့နယ် မောင်းကန်-မိုးတိမ်ပြင်ကျေးရွာချင်းဆက် မြေသားလမ်းဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ဖွင့်လှစ်ပေးပြီး ဒေသခံများနှင့် တွေ့ဆုံသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံရုံး၏ သံမှူးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဌာနမှူး မစ္စတာကာဇူယူကီတာကီမီ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP-Myanmar)၏ ဌာနေကိုယ်စားလှယ်မစ္စတာပီတာဘတ်ချလာ တို့က အမှာစကားပြောကြားကြသည်။
ယင်းနောက် ခိုင်ရာဇာထွန်းကုမ္ပဏီက ယင်းမြေသားလမ်း အား ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ပြီး လမ်းသစ်ကို မော်တော်ယာဉ်များဖြင့် ဖြတ်သန်း ကြည့်ရှုကြသည်။
ပြည်နယ်ဝန်ကြီးချုပ်သည် ယနေ့နံနက်ပိုင်းတွင် ဂွမြို့နယ် ကမ်းသာယာ ကျေးရွာ မင်္ဂလာခန်းမ၌ကျင်းပသည့် ဂျပန်နိုင်ငံအစိုးရ၏ ထောက်ပံ့ကူညီမှုဖြင့် ရခိုင်ပြည်နယ်အစိုးရနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP-Myanmar) တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ကမ်းသာယာဆည်မှ ပိုက်လိုင်းသွယ်တန်း ရေပေးဝေခြင်းလုပ်ငန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံသံရုံး၏ သံမှူးနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးဌာနမှူး မစ္စတာ ကာဇူယူကီတာကီမီက ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP-Myanmar)၏ ဌာနေကိုယ်စားလှယ် မစ္စတာပီတာဘတ်ချလာက လှူဒါန်းရခြင်း အကြောင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် နည်းပညာရောင်ခြည်များကုမ္ပဏီက ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနသို့ ရေသွယ်ယူရေးလုပ်ငန်းသစ်အား လွှဲပြောင်းပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ အလှူရှင်များက ကမ်းသာယာ ဆည်မှ ဆပ်သွားတိုက်နယ်ဆေးရုံနှင့် ပတ်ဝန်းကျင်ရှိ ကျေးရွာလေးရွာ ဖြစ်သည့် ကမ်းသာယာ၊ သံခဲချိုင်၊ ဇီးကုန်း၊ ဂျိုင်ကောက်ရွာများသို့ ရေပိုက်လိုင်း သွယ်တန်း ပေးဝေခြင်းလုပ်ငန်း မုခ်ဦး၊ ကမ္ပည်းနှင့်ရေဘားတို့ကို ဖွင့်လှစ်ပေးပြီး ရေရရှိမှု အခြေအနေများကို ကြည့်ရှုကြသည်။
(သတင်းစဉ်)


