မြောင်းမြ    ၇  မတ်      


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် ၁၃၈၀ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့နှင့် လျော်ညီစွာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


ယခင်နှစ်တွေက ဗဟိုမဏ္ဍပ်တစ်ခုနဲ့ ပုဂ္ဂလိက မဟာကိုယ်ပိုင် အထက ကျောင်းက မဟာရေကစား မဏ္ဍပ်စုစုပေါင်း ၂ ခုပဲရှိပါတယ်၊ ဒီနှစ်မှာ ရေကစား မဏ္ဍပ်များပြုလုပ်ပြီး အများပြည်သူတွေ ပျော်ရွှင်စွာ ရေကစားနိုင်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မဟာသင်္ကြန်ပွဲတော် ကျင်းပရေး ကော်မတီ တာဝန်ရှိသူထံမှ သိရသည်။ 


၁၃၈၀ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို မြန်မာ့ ယဉ်ကျေးမှု ဓလေ့ထုံးစံ များနှင့်အညီ အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့် သင်္ကြန်ပွဲတော် ကာလအတွင်း မလိုလားအပ်သော ပြသနာများ မဖြစ်ပွားစေရေးအတွက် ကြီးကြပ်ဆောင်ရွက်သွားရန် မတ် ၅ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပသော ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်တင်ထွေးက ပြောကြားသည်။


မြောင်းမြမြို့တွင် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကျင်းပရေး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများ ဖွဲ့စည်းခြင်း၊ ကော်မတီအလိုက် လုပ်ငန်းတာဝန်များ သတ်မှတ်ခြင်း၊ ဗဟိုမဏ္ဍပ်နေရာ ရွေးချယ်သတ်မှတ်ခြင်းနှင့် မြို့ပေါ်ရှိ လူစည်ကားရာ နေရာများတွင် ရေကစား မဏ္ဍပ်များ နေရာချ လျာထားသတ်မှတ်ခြင်း၊ ဗဟိုမဏ္ဍပ်တွင် ပြိုင်ပွဲဝင်မည့် ယိမ်းအဖွဲ့များ သတ်မှတ်ခြင်း၊ နေ့ည ဧည့်ခံဖျော်ဖြေရေး အစီအစဉ်များ ဆောင်ရွက်ခြင်း၊ ရေကစားသူများ ရေလံလောက်စွာ ရရှိရေး စီစဉ်ခြင်းများ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


အောင်မင်း (မြောင်းမြ)