စစ်တွေ ၂၇ ဧပြီ

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း အကောင်အထည်ဖော် တည်ဆောက်နေသည့် ကညင်ချောင်းစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ၁/၂၀၁၉ ကို စစ်တွေမြို့၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ယနေ့ မွန်းလွဲပိုင်းက ကျင်းပသည်။

 

အစည်းအဝေးတွင် ကညင်ချောင်းစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီ နာယက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက အဖွင့်အမှာစကား ပြောကြားပြီး ကညင်ချောင်း စီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ရခိုင်ပြည်နယ် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက အမှာစကားပြောကြားကာ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က မြေပြင်လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ကညင်ချောင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်(KED) နှင့် အရည်အသွေးစစ်ဆေးရေး Third Party ဖြစ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ အတိုင်ပင်ခံအင်ဂျင်နီယာများအဖွဲ့-MIECG (စစ်တွေ)က ကညင်ချောင်း စီပွားရေးဇုန်စီမံကိန်း အရည်အသွေးစစ်ဆေးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ကညင်ချောင်းစီပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာထူးမင်းသိမ်းက ကော်မတီအစည်းအဝေးတွင် အဆုံးအဖြတ်ရယူရမည့် အမှာစာများအားတင်ပြပြီး တက်ရောက်လာသည့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက အထွေထွေဆွေးနွေးကြသည်။

 

ယင်းနောက် ကညင်ချောင်း စီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီ နာယက ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုက  နိဂုံးချုပ်အမှာစကားပြောကြားသည်။

 

၂၀၁၂ ခုနှစ်တွင် ကုန်သွယ်ရေးဇုန်အဖြစ် စတင်ခဲ့ပြီး ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ကညင်ချောင်းစီးပွားရေးဇုန်ကို တိုးချဲ့တည်ဆောက်ခဲ့ရာ လာမည့်မေလတွင် စတင်ဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

 

သတင်း-သန့်ဇင်ဝင်း၊ ဓာတ်ပုံ-အောင်ကျော်ဦး