နေပြည်တော် ၅ မတ် 
    

 

မြေမြှုပ်မိုင်း တားမြစ်ဖျက်သိမ်းရေးဆိုင်ရာ နိုင်ငံတကာပဋိညာဉ်စာချုပ်နှင့် ပတ်သက်သည့် အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် သင်္ဂဟဟိုတယ်၌ ကျင်းပသည်။
    

 

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးစိုးအောင်က မြန်မာနိုင်ငံ၊ တိုင်းဒေသကြီး/ ပြည်နယ်အချို့တွင် လက်နက်ကိုင်ပဋိပက္ခများ၏ အကျိုးဆက်ဖြစ်သော မြေမြှုပ်မိုင်းများနှင့် စစ်လက်ကျန်ပစ္စည်းများကြောင့် ဒေသခံပြည်သူများ အသက်ဆုံးရှုံးခြင်း၊ မသန်စွမ်းမှုဖြစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်း၊ လူမှုစီးပွားဘဝ ထိခိုက်ခြင်းများစွာ ရင်ဆိုင်ခံစားရသည့်အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် မိုင်းကြောင့် ထိခိုက်ခံစားရသူများအား ကူညီထောက်ပံ့ခြင်း၊ လူမှုဘဝ ပြန်လည်ဝင့်ဆံနိုင်ရေးအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူ (၄၈၉)ဦးအတွက် (၁)ဦးလျှင် ထောက်ပံ့ကြေးငွေကျပ် (၂)သိန်းနှုန်းဖြင့် စုစုပေါင်း (၉၇၈)သန်းတိတိကို ဝန်ကြီးဌာန၏ ဘတ်ဂျက်ရန်ပုံငွေဖြင့် ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ပါကြောင်း။
      

 

မိုင်းအန္တရာယ် အသိပညာပေး ဆောက်ရွက်ရာတွင်လည်း ဆက်စပ်ဝန်ကြီးဌာနများ၊ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လုပ်ငန်းများ ဆောင်ရွက်နေပါကြောင်း၊ ပြန်လည်ထူထောင်ရေးအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးခြင်းအပြင် ပညာရေး၊ ကျန်းမာရေးနှင့် အခြားထောက်ပံ့မှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိုင်းရှင်းလင်းရေးလုပ်ငန်းသည် လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းဖြစ်သည့်အတွက် အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်နေသော အဖွဲ့အစည်းများအနေဖြင့် မိုင်းအန္တရာယ် အသိပညာပေးရေး၊ မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများက ပူးပေါင်းဆောင်ရွက်မည်ဆိုပါက မိုင်းကြောင့် ထိခိုက်ခံစားရသူများ လျော့နည်းသွားမည်ဖြစ်ပြီး ဒေသခံများ၏ သက်မွေးဝမ်းကျောင်း လုပ်ငန်းများဖြစ်သော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ပြန်လည်လုပ်ကိုင်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။ 
    

 

ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်အင်ဂျင်နီယာညွန်ကြားရေးမှူး ဗိုလ်ချုပ်မောင်မောင်မြင့်နှင့် နော်ဝေသံအမတ်ကြီး Ms.ToneTinnes တို့က နှုတ်ဆက်စကား ပြောကြားသည်။ 

 


ဆက်လက်၍ မြေမြှုပ်မိုင်းဆိုင်ရာ ပဋိညာဉ်စာချုပ်နှင့် ပတ်သက်၍ အချက် (၁)ချက်ချင်းစီအလိုက် ရှင်းလင်းဆွေးနွေးခြင်းများ ဆက်လက်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

 


(သတင်းစဉ်)