နေပြည်တော် ၉ မေ
လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ ၈ ရက် မွန်းလွဲ ၂ နာရီက နေပြည်တော် ရှိ ရုံးအမှတ် ၁၅ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက နိုင်ငံတော်ဖွံ့ဖြိုးရေးချမှတ် ဆောင်ရွက်နေသည့် မူဝါဒနှင့် စီမံကိန်းများအောင်မြင်ရေးအတွက် နိုင်ငံဝန်ထမ်းကောင်းများ၏ မောင်းနှင်အားသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိရာဝန်ထမ်းကောင်းများလိုက်နာရမည့် ကျင့်ဝတ်နှင့်တာဝန်များကိုလေးစားတန်ဖိုးထားလိုက်နာ၍ ထိတွေ့ဆက်ဆံရသည့် ပြည်သူများ အပေါ်တွင်လည်းယဉ်ကျေးပျူငှာစွာဆက်ဆံဆွေးနွေးတတ်မှုနှင့်အတူ လယ်ယာမြေစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များကိုမှန်ကန် ထိရောက်စွာကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ဝန်ထမ်းများတိုးချဲ့ခန့် ထားနိုင်ရေးနှင့်ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ပြည့်ဝသည့် ဝန်ထမ်းကောင်းများဖြစ်စေရေးသက်ဆိုင်ရာတာဝန်ရှိသူများက ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
လက်ရှိဖြစ်ပေါ်လျက်ရှိသည့် မြေယာပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် ပြဌာန်းထားရှိသည့် မြေယာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီဖြေရှင်း ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများအနေဖြင့် မိမိတို့ တာဝန်ယူရသည့် ကဏ္ဍများအလိုက် အောက်ခြေအဆင့်ဆင့်မှ တင်ပြလာမှုများကိုလုပ်ထုံးလုပ်နည်းများနှင့် ညီညွတ် စွာစိစစ်ပြီးနှောင့်နှေးကြန့်ကြာမှုမရှိစေရေးအတွက် အားထုတ်ကြိုးပမ်းကြစေလိုကြောင်း၊ မြေပြင် လက်တွေ့ဆောင်ရွက်သူများ၏ ကြုံတွေ့ရနိုင်သော အခက်အခဲပြဿနာများအပေါ် ပူးပေါင်းကူညီ ဖြေရှင်းပေးနိုင်ရေးကိုပါ တစ်ပြိုင်တည်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
နိုင်ငံဖွံ့ဖြိုးရေးကြိုးပမ်းမှု ကာလဖြစ်သည်နှင့်အညီ မိမိတို့ဝန်ထမ်းများ ရရှိခံစားရသည့် လစာစားရိတ်နှင့်လျော်ညီစွာ သည်းခံခြိုးခြံပြီးမိမိဌာန၏ဂုဏ်၊ ဝန်ထမ်း၏ ကျင့်ဝတ်သိက္ခာကို စောင့်ထိန်းနိုင်ကြသဖြင့်နောင်မျိုးဆက်များအတွက် စံနမူနာကောင်းထားရှိခဲ့နိုင်ရေးကြိုးပမ်းကြရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး က ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်းဆောင်ရွက်ခဲ့ပြီးသောလုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများရှင်းလင်းတင်ပြသည်။
ဆက်လက်၍ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနနေပြည်တော်၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဦးစီးမှူးများက ဒေသအလိုက် ဆောင်ရွက်ပြီးဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များဖြည့်ဆည်း ဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။
(သတင်းစဉ်)


