စလင်း ၈ မေ
အများပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များကို မီးလောင်မှုအန္တရာယ် မကျရောက်စေရန် ရည်ရွယ်၍ ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်များနှင့် လောင်စာဆီ သယ်ယူသည့် ဆီဘောင်ဆာယာဉ်များအား မလိုလားအပ်သော မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် စစ်ဆေးခြင်းလုပ်ငန်းကို မကွေးတိုင်းဒေကြီး၊ စလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၁၀ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် စလင်းမြို့နယ် တမောင်ချောင်ကျေးရွာရှိ ပစ်တိုင်းထောင် စက်သုံးဆီ အရောင်းဆိုင်နှင့် သရက်ချဉ်ကျေးရွာရှိ ဒိုင်းမွန်းစက်သုံးဆီ အရောင်ဆိုင်များသို့ သွားရောက်၍ အရေးပေါ် မီးငြှိမ်းသတ် ဆေးရည်ဘူးများ ရှိ မရှိ၊ ဆီသိုလှောင်ကန်များ စနစ်တကျထားရှိမှု ရှိ မရှိ စစ်ဆေးခြင်းနှင့် ဆီဆိုင်များအတွက် လောင်စာဆီသယ်ယူသည့် ဆီဘောင်ဆာယာဉ်များအား ယာဉ်မတော်တဆမှုကြောင့် မီးလောင်မှု ကြိုတင်ကာယွယ်တားဆီးနိုင်ရေး၊ ဖြစ်ပွားနိုင်မှု အခြေအနေများကို လက်တွေ့ရှင်းလင်း ချပြခြင်း၊ အရေးပေါ် မီးငြှိမ်းသတ်ဆေးရည်ဗူးများ အသင့်ထားရှိမှုများကို စစ်ဆေးဆောင်ရွက်ခဲ့သည်။
မြန်မာနိုင်ငံတွင် စက်သုံးဆီဆိုင်များတွင် မီးလောင်မှုဖြစ်ပွားခြင်းနှင့် ဆီသယ်ယာဉ်များ မတော်တဆ မီးလောင်မှု ဖြစ်ပွားခြင်းများ ပိုမိုများပြားလာပြီး ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ဖြစ်စဉ် ၅၀ ကျော်ရှိပြီး မိမိတို့ဒေသတွင်း စက်သုံးဆီဆိုင်များနှင့် လောင်စာဆီသယ်ယာဉ်များ မီးလောင်မှု မဖြစ်ပွားစေရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးဝင်းဗိုလ်ထံမှ သိရသည်။
စိုးမိုးသူ (စလင်း)


