နေပြည်တော် ၂၉ ဧပြီ
မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ မဏ္ဍိုင်သုံးရပ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းကြိုင် (ဟံသာဝတီ ဦးအုန်းကြိုင်) နှင့် ကောင်စီဝင်များ၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂနှင့် မြန်မာဂျာနယ်လစ်ကွန်ရက်တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဟံသာဝတီဦးအုန်းကြိုင်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ (၁) ဒေါက်တာ မျိုးသန့်တင်တို့က အမှာစကားပြောကြားပြီး အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က မဏ္ဍိုင်လေးရပ် အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်သည့် အစီအမံများကိုလည်းကောင်း၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်းရေးမှုး ဦးကျော်စွာမင်းက ဆောင်ရွက်နိုင်မည့် အစီအမံများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ၊ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ ပြန်ကြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂ၊ မြန်မာဂျာနယ်လစ်ကွန်ရက်တို့မှ တာဝန်ရှိသူများက ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးတင်ပြကြပြီး ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
(သတင်းစဉ်)


